22 September, 2009

စင်ကာပူရောက် ကျောက်ပန်းတောင်းအသင်းသား များတွေ့ဆုံခြင်း (20/09/2009)



 အမှတ်တရ ။
ဝဲမှယာ - ကိုဆန်းဝင်း၊ ကိုညီညီကျော်၊ ကိုကျော်နိုင်ထွန်း၊ ကိုအောင်မျိုးမင်း။




  ကျွန်တော်တို့ရဲ့ အစည်းဝေး ခန်းမပါ . ဟဲ ရေလည်ခန်းနားလှပါတယ် . :p

လွန်ခဲ့သောအပါတ် (13/09/2009) နေ့တွင် ကျွန်တော်တို့ကျောက်ပန်းတောင်းအသင်း ဆိုဒ်မှ အသင်းဝင် တစ်ယောက်ဖြစ်သော ကိုစန်းဝင်း ဖုန်းဆက်လာပါတယ်။ နောက်တစ်ပါတ် စနေ သို့မဟုတ် တနင်္ဂနွေနေ့တွင် ဆိုဒ် ထဲမှ လူများ အပြင်မှာတွေ့ဆုံ ရန်ရှိကြောင်း အကြောင်းကြားလာပါသည်။
အမှန်သော် ကျွန်တော် နှင့် ကိုစန်းဝင်းမှာ ဒီ ကျွန်တော်တို့ရဲ့ ကျောက်ပန်းတောင်းအသင်း ဆိုဒ် လေးမှာပင် ခင်မင်ရင်းနှီး ခဲ့ကြခြင်းဖြစ်ပါသည်။ ယခု အခါ ကျန်သောအသင်းသား ကိုယ့် မြို့မှ လူများ နှင့်လည်း တွေ့ရမည် ဆိုသောကြောင့် ကျွန်တော် မဖြစ်မနေသွားတွေ့ရန် စိတ်ဖြတ်ခဲ့ပါသည်။
ဘယ်သူတွေပါမလဲ ဟုလည်း အတွန့်တက်မေးမိပါသေးသည်။ ကိုစန်းဝင်းပြောပြချက်အရ ကိုအောင်မျိုးမင်းနှင့် ကိုကျော်နိုင်ထွန်းတို့လာမည်ဖြစ်ကြောင်းသိခဲ့ရပါသည်။ ထိုအချိန်ထိ ကျွန်တော် သူတို့ကိုဘယ်သူဘယ်ဝါမသိသေးပါ။ ကိုယ့်မြို့နယ်သားများဖြစ်သည်သာသိရှိရသည်။ အသေအချာ သိရလျှင် ဖုန်းဆက်၍ အသိပေးရန် ပြောပြီး ဖုန်းချလိုက်ကြလိုက်ပါသည်။
ဤသို့ နှင့် (19/09/2009) စနေနေ့တွင် ကိုစန်းဝင်း၏ မက်ဆေ့ကို လက်ခံရရှိခဲ့ပါသည်။ နောက်နေ့တနင်္ဂနွေနေ့ နေ့လည် (၂) နာရီတွင် ကျွန်တော်တို့၏ ရွှေ မြန်မာ တို့ ဆုံရပ်ဖြစ်သော ပင်နီစူလာ ပလာဇာ တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်းသတင်း ရရှိလာ၍ လာရောက် မည်ဖြစ်ကြောင်းကို ကိုစန်းဝင်းအား အကြောင်းပြန်ခဲ့ပါသည်။
ဤနေရာတွင် တစ်ခုပြောချင်တာ ရှိပါသည်။ ကျွန်တော် တို့တတွေ သည် မိခင်မြေကို ခွဲခွါ ပြီး သူများတိုင်းပြည်တွင် လာရောက်၍ ရေကြည်ရာ မြတ်နုရာ သို့ဘ၀ အခြေနေအမျိုးအမျိုးအလျှောက် လာရောက် နေထိုင်နေကြရပါသည်။ ဤ တွင် ကျွန်တော်တို့ အနေနဲ့ ကိုယ့်မြေကိုယ့်ရေ ကိုယ့်အိမ်ယာ မဟုတ်သည့် အပြင် ကိုယ့်မိဘ ကိုယ့်မိသားစုများနှင့်ဝေးနေကြပြီး တစ်ကိုယ်တည်းနေ ကိုယ့် ခြေထောက်ပေါ်ကိုရပ်နေကြသောသူများ အများစု ဖြစ်ပါသည်။ ချွင်းချက် အနေနဲ့ မိဘ များလက်ထက်ကတည်းက ဒီမြေဒီရေကို ရောက်ပြီး အဆင်ပြေနေကြသော မိသားစု များတွင် တော့ ဤသို့ အခက်အခဲ များ ကိုရှောင်လွှဲ၍ ရကောင်းရပါလိမ့်မည်။ ကျွန်တော်တို့ တစ်ကိုယ်တည်း သမားများ အနေနဲ့ မှာတော့ weekdays များတွင်မှာတော့ ရုံးသွားရုံပြန်နဲ့တင် တစ်နေ့တာ အချိန်ကုန်ရပါသည်။ ရုံးတက်ရက်များ တွင် စုပြုံထားသော အလုပ်များကို weekend တွင်မှ အကြွေးရှင်းစနစ်ဖြင့် အကုန်သိမ်းကြုံး လုပ်ရပါတော့သည်။ သို့မှသာ နောက်တစ်ပါတ်ရုံးတက်ရက်များအတွက် အားလုံး အဆင်ပြေနိုင်ပါသည်။ ထို့ကြောင့် တနင်္ဂနွေနေ့တွင် အေးအေးဆေးဆေး တွေ့နိုင်ရန် စနေနေ့တွင် လုပ်စရာ ရှိသော အလုပ်များအား အပြီး လုပ်နိုင်ရန် မနက်စောစောထ (စောစော=10 နာရီ ..:) )ပြီးလျှော် စရာ အ၀တ်များကို စက်ထဲ ပစ်ထည့်ဆပ်ပြာ ထည့်ပြီ အမြန်ဆုံး နည်း Quick ကိုရွေး ပြီး အ၀တ်လျှော်ခြင်း အလုပ်ကိုအစပျိုးလိုက်သည်။ နောက်ခြေစွပ်များကို တစ်နေရစီမှလိုက်ကောက်ရသည်။ တစ်ပါတ်စာအတွက် ၀တ်ထားသမျှ လိုက်စုရသည်။ အကြောင်းမှာ ကျွန်တော့်အစ်ကို ဖြစ်သူမှာ အလုပ်တစ်ဖက်ကျောင်းတစ်ဖက်နှင့် မို့အလုပ်အလွန်ရှုပ်သူဖြစ်သည်။ သူသည် ME ကို Part time အနေနှင့် (NUS) တွင်တက်ပြီး အလုပ်ကို Full Time လုပ်နေခြင်းဖြစ်ပါသည်။
ထို့အတွက် ခြေစွပ်ကိုလည်း အပြင်မှ အလုပ်မှ ကျောင်းမှပြန်လာလျှင် အရေးကြီးလျှင် ကြီးသလို ဖိနပ်စင်နားရှိ ခြေစွပ်ထားသောနေရာတွင်မချွတ်နိုင်ပဲ ကုတင်နားထိပါလာတတ်သောကြောင့် သူ့ကုတင်နားတွင်တစ်ပုံရှိတတ်ပါသည်။ ဤသည်မှာ စာရေးသူဤ အစ်ကိုအရင်းဖြစ်သူနှင့်သူကဲ့သို့ ဤ အလုပ်နှစ်ခုကိုတစ်ပြိုင်တည်း လုပ်တတ်သောအကျင့်နှင့်
လုပ်ငန်းဇော ကြီးသူတို့တွင်တွေ့ရတတ်သောအကျင့် လေးများဖြစ်မည်ဟုလည်းထင်မိပါသည်။ အင်း . ပြောရင်းနှင့်လိုရင်း မရောက်နိုင်ဖြစ်သွားပါသည် ...:)။ လိုရင်းပြောရရင်ဖြင့် တနင်္ဂနွေနေ့ တွင် တွေ့နိုင်ရန်အတွက် အလုပ်များကို စနေနေ့တွင်ပြီးစီးအောင် လုပ်လိုက်ရပါသည်။
ဤသို့နှင့် တနင်္ဂနွေ မနက်တွင် အိပ်ယာမှ စောစော (9 နာရီ ..:)) ထပြီး ကမန်းကတန်းမျက်နှာသစ်ရေချိုးပြီး အစ်မဖြစ်သူ(မရီးလောင်းတော်သူ) ကြော်ထားသော ထမင်းကြော်နှင့်လ္ဘက်သုတ် စား၍ ဈေးကို ကမန်းကတန်းသွား တစ်ပါတ်စာဝယ်ရသေးသည်။ ဒီထက်သာစောစောထနိုင်လျှင် စာရေးသူတို့နေထိုင်ရာနှင့် မနီးမဝေး တွင်ရှိသော IMM အမည်ရှိ စင်ကာပူတွင် အကြီးဆုံး စူပါ မတ် တွင်သွား၍ Discount နှင့်ကြက်သားများ ကြက်ဥ များကို ၀ယ်နိုင်ဘို့အချိန်ရနိုင်ပါသည်။
အခုတော့မတတ်နိုင်ပါ အနီးနားရှိ Wet market သို့သာအပြေးအလွှား သွားလိုက်ရသည်။ ဈေးကပြန်ရောက်တော့ 10:30 ပြီးပြီဖြစ်သဖြင့် ဗိုက်ကဆာလာသည်။ သို့သော် မရီးလောင်းက ဟင်းချက်နေ၍ ဈေးမှပါလာသော အသားများ ငါးများကိုကိုင်တွယ် ဆားနယ်ပြီး ရေခဲသေတ္တာ ထဲသို့ ဗူးများနှင့် ထည့်ထားလိုက်သည်။ အားလုံးပြီးတော့ အစ်မဟင်းအကျက်နှင့် ထမင်းစားပြီးချိန်တွင် 12 ထိုးခါ နီးနေပါပြီ။ ထို့ကြောင့် 12 အတိ တွင် တက်လာမည့် မြန်မာပြည်မှ ကျွန်တော့် အချစ်ဆုံးလေးအား စောင့်နေရင်း အွန်လိုင်းဖွင့်ထား၍ ကွန်ပျူတာရှေ့မှာပဲခန အင်တာနက်သုံးလိုက်ပါသေးသည်။ 12 ထိုးပြီး 5 မိနစ်လောက်နေတော့ သူလေးတက်လာပါသည် မီးအနီပြ၍ ကျွန်တော်လည်း မီးအနီး လည်းမရှောင်နိုင်ပါ အတင်းဇွတ်ပြောတော့သည်။ ထမင်းစားခဲ့ပြီလား၊ ဘာဟင်းလဲ ဒီနေ့ ကျောက်ပန်းတောင်းကအစ်ကိုတွေနဲ့ ချိန်းထားတယ် သွားစရာရှိတယ် စသည်ဖြင့် ပေါ့ ကျန်တဲ့ စကားများအား ဆင်ဆာ အဖွဲ့မှဖြတ်တောက်ထားသဖြင့် မဖေါ် ပြနိုင်တော့ပါ . တိန်. ..:) ။ ဤသို့နှင့် 1 နာရီထိုးခါနီး 2 မိနစ်အလိုတွင် "သွားရတော့မယ် အချစ်ရယ်" လို့သီချင်းလေးနဲ့နှုတ်ဆက်နေတုန်း ကျွန်တော်၏ ချစ်လှစွာသော အစ်ကိုတော်မှ မင်းစီးတီးဟောသွားမှာလားလာမေး၍ သူ့သူငယ်ချင်းတစ်ယောက် ဆီမှ စာအုပ်ငှားထားကြောင်း သူလည်းယခု စီးတီးဟောသို့သွားနေကြောင်း ဟိုရောက်ရင် သူ့သူငယ်ချင်းနဲ့တွေ့ပြီး စာအုပ်ယူခဲ့ဘို့ သူ့ထုံးစံအတိုင်း နောက်ထပ်အလုပ်တစ်ခု ကိုထည့်ပေးလိုက်ပါသေးသည်။ ဤသို့နှင့် ကျွန်တော့်ရဲ့ပန်းသီးလေးအား သွားရတော့မည်ဖြစ်ကြောင်းပြောပြီး မပြတ်နိုင်သော အမျှင်တန်းများအား နဂါးနိုင်ဓါးနဲ့ အတင်းဖြတ်၍ ထွက်လာရပါသည်။ အွန်လိုင်းမှဆင်းခါနီး အချစ်ဆုံးလေးမှမှာကြားလိုက်သော ဟိုရောက်ရင် ဘယ်ဟာမကြည့်ရ ဘယ်ဟာမလုပ်ရစသည် များကိုလည်း ခလုပ်တိုက်ရင်တောင်မမေ့စေရန် တစ်ခေါက် အိမ်ကမထွက် ခင်အလွတ်ရွတ်ကြည့်လိုက်ပါသေးသည်။ အဲဒါနဲ့ 1 နာရီထိုးပြီး 10 မိနစ်လောက်မှာ အိမ်က ထွက်ခဲ့ပါတယ်။ အိမ်ကနေ Chinese Garden MRT က်ု ဆယ်မိနစ် ခန့်လျှောက်မှရောက်ပါတယ်။ ရထားစောင့်တာနဲ့ City Hall ကို 2 နာရီ ထိုးဘို့ 5 မိနစ် အလိုမှာရောက်ခဲ့ပါတယ်။ ၃ထပ်အရောက်မှာ ကိုစန်းဝင်းဆီကိုဖုန်းဆက်လိုက်တယ်.. ဟဲလို ကိုစန်းဝင်း လားပေါ့. ကျွန်တော်ရောက်နေပါပြီပေါ့ အစ်ကိုဘယ်မှာလည်း ဆိုတော့.. ညီလေးတဲ့ အစ်ကို လေးလွှာက သုခကွန်ပျုတာဆိုင်မှာရှိတယ်တဲ့ ကျန်တဲ့ အစ်ကိုနှစ်ယောက်မရောက်သေးဘူးလို့ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်ခနနေရင်တက်ခဲ့မယ်လို့ပြောပြီး နောက်ထပ်တွေ့ရမဲ့အစ်ကိုတစ်ယောက်ဆီ ဆက်လိုက်တယ်။ ဟဲလို အစ်ကို ကျွန်တော်ရောက်ပြီ ဘယ်လာယူလို့ရမလဲဆိုတော့ သူ Basement က Oriental House မှာပါတဲ့ အဲဒါနဲ့ သုံးလွှာကနေ Basement ကိုပြန်သွား ပြီးဆရာသမားကို လိုက်ရှာတော့ သူတို့က ဧရာဝတီ ဆိုင်ဘက်အခြမ်း ချောင်မှာ နေရာယူပြီး ထိုင်နေတာ တွေ့လိုက်လို့ သွားတွေ့တော့ တစ်ယောက်တည်းမဟုတ်ပါခင်ဗျာ။ ကိုထွန်းနေအောင်(ကျောက်ပန်းတောင်းသားပါပဲ)အပြင် နောက်တစ်ယောက် ကျောင်းပန်းတောင်းသား ကိုလင်းလင်း(လင်းမြတ်သူ)ရော နောက်ထပ် ကိုထွန်းနေအောင်ရဲ့ စီနီယာ အစ်ကိုတစ်ယောက်ရယ် သုံးယောက်ပေါင်းလောင်းကျော်နေကြပါပြီ။ အတော်လေး ရေချိန်ကိုက်နေပြီ ထင်ပါတယ်။ ကျွန်တော့်ကိုရီဝေေ၀ မျက်လုံးတွေနဲ့ကြည့်ပြီး တစ်ယောက်တစ်ခွန်းပြောကြပါတယ်. ကျွန်တော်လည်း ဒီကိုကျောက်ပန်းတောင်းအသင်းကအသိ အစ်ကိုတွေနဲ့ လာတွေ့တယ်လို့ ပြောခဲ့ပါသေးတယ်။ ကိုလင်းလင်း ကလည်း သူလည်းအသင်းဝင်ထားကြောင်း Password မေ့သွား၍ မ၀င်ဖြစ်တော့တာကြာပြီဖြစ်ကြောင်းပြောပါသေးတယ်. ကောင်းလေ၏ ပေါ့။ အဲဒါနဲ့ ဟိုပြောဒီပြောနဲ့ ကိုထွန်းနေအောင်ကနေ ရီဝေေ၀ မျက်လုံးနဲ့ ကိုလင်းလင်းနဲ့
ကျွန်တော့်ကိုကြည့်ပြီး ကျောက်ပန်းတောင်းသားတွေက တစ်ကယ်ချောတာပဲတဲ့.(သူလည်းကျောက်ပန်းတောင်းသားပါပဲ ဒါပေမဲ့သူက ဆည်ပေါက်သားပါ) . အဲလိုပြောတော့ ကိုလင်းလင်း က အလူးအလဲထောက်ခံပါတယ်ခင်ဗျာ. ဟုတ်တယ်ကွတဲ့ ဒါပေမယ့် ဆည်ပေါက်သားလောက်တော့ စော်မကြည်ပါဘူးကွာတဲ့. အဲလိုလဲပြောရော ကိုထွန်းနေအောင်က မဆီမဆိုင် ငါ့ရဲ့မိန်းမနောက်ထပ်ကိုယ်ဝန်ကို အင်ထရာဆောင်းရိုက်တာ မိန်းခလေးပဲတဲ့ကွလို့ မဆီမဆိုင်လာကြွားလို့ တောင်ကျွန်တော် ကွန်ဂရက်ကျူလေးရှင်းပါ ပြောခဲ့ပါသေးတယ်။ တအောင့်လောက်ခနထပ်ပြီးစကားတွေဟိုပြောဒီပြောနဲ့သူတို့ကိုကြည့်ရတာလဲ ကျွန်တော်တောင်ရီဝေေ၀ဖြစ်လာတာနဲ့ စာအုပ်ယူပြီး အားလုံးကိုနှုတ်ဆက်လို့ ထွက်လာခဲ့တယ်။
အဲဒါနဲ့ လေးလွှာက သုခ ကိုလိုက်ရှာရသေးတယ် ပင်နီစူလာ ပလာဇာကို အဲလိုကျွမ်းတာပါ.ရောက်တာ တစ်နှစ်တိတိ ပြည့်ပါပြီ. အဲဒီနေ့ကမှတစ်နှစ်ပြည့်တဲ့နေ့ပါ။ တစ်နှစ်တိတိပြည့်တဲ့နေ့မှန်းသတိမထားမိပါဘူး အားလုံးဆုံပြီးစကားတွေပြောရင်းနဲ့မှ ကိုကျော်နိုင်ထွန်းက အဲဒါဆိုမင်းဒီနေ့ပဲတစ်နေ့ပြည့်တာပေါ့ လို့ပြောမှ ကျွန်တော်သတိထားမိတာပါ။ ကျေးဇူးပဲ ကိုကျော်နိုင်ထွန်းရေ ဟဲ.ဘာမှတော့ မကျွေးလိုက်နိုင်ဘူးဗျ. အားနာစရာပဲ ..:) ။ ဒီလိုနဲ့သုခ ဆိုင်လဲရောက်ရော ကိုစန်းဝင်းကို လိုက်ရှာတယ်. မတွေ့ဘူးဗျ အသေအချာရှာပါတယ် ဆိုင်ကနည်းနည်းကျဉ်းပြီး အားလုံးကိုမြင်နေရတာပဲ သေချာတယ်မရှိဘူးပေါ့ ဒီလူဘယ်သွားလဲမသိဘူး
လို့စဉ်းစားရင်းမှ အာ ငါမှ ကိုစန်းဝင်းကိုမမြင်ဘူးပဲ ဘယ်လိုလုပ်တွေ့မလဲ ဟုတ်သားပဲ. အဲဒီမှ ရွှေဥာဏ်တော်ကိုနည်းနည်းကွန့်မြူးလိုက်တယ် အိုခေ ဖြစ်နိုင်ခြေရှိတဲ့ သူကိုရမ်းမေးလိုက်မယ်ပေါ့. စဉ်းစားပြီမှ အကြံတစ်ခုရလာပါတယ်. ဖုန်းဆက်လိုက်ရင် ပိုကောင်းမယ်ပေါ့ အဲဒါနဲ့ ဖုန်းဆက်လိုက်တော့ လေးခုံမြောက်ကစက်က ခပ်ချောချော အသားဖြူဖြူ အစ်ကိုတစ်ယောက် ဖုန်းကောက်ကိုင်တာမြင်လိုက်ရတယ် သူလဲရိပ်မိလို့ထင်ပါတယ် ကျွန်တော့်ဘက်လှည့်ကြည့်တယ် အဲဒီတော့မှ အစ်ကိုက ကိုစန်းဝင်းလား ခင်ဗျလို့ မရဲတစ်ရဲမေးလိုက်မှ အေးတဲ့ ညီညီ မဟုတ်လားကွတဲ့ ။ဟုတ်ကဲ့ ကျွန်တော် ညီညီ ပါခင်ဗျ လို့
လက်ဆွဲ နှုတ်ဆက်ခဲ့ကြပါတယ်။ အဲတော့မှ အသေအချာကြည့်တော့ ငါ ကိုရီးယား မင်းသားဂျွန်စောနဲ့များ မှားပြီးနှုတ်ဆက်မိလားပေါ့ ...:P (သူကျွေးတဲ့ အကြော် စားခဲ့တာဆိုတော့ ...:) )။ အဲဒါနဲ့နှစ်ယောက်သား လ္ဘက်ရည်သောက်ကြမယ်ဆိုပြီးတော့ ရဲရင့် လ္ဘက်ရည်ဆိုင်ဆီ ထွက်ခဲ့ကြတယ်။ ဟိုရောက်တော့ ထိုင်စရာခုံလိုက်ရှာတယ် တနင်္ဂနွေနေ့ ဆိုတော့ လူကအပြည့်ပါ ထိုင်စရာနေရာမတွေ့တာနဲ့ပဲ Basement မှာတစ်ဆိုင်ရှိတယ်ဆိုပြီးသိသလိုနဲ့ခေါ်သွားလိုက်တယ် မန္တလာ ကိုသွားတာပါ ရှာတော့ ဆိုင်ကမရှိတော့ပါဘူး ဘယ်ပြောင်းသွားလဲမသိဘူး။ ရနံ့သစ်ဆိုင်က ထပ်ချဲ့ထားတာတွေ့လိုက်ရတယ်။ ဘယ်လောက်တောင် မရောက်ဖြစ်လဲဆိုတာ ဘာမှကိုမသိဘူး။ အဲဒါနဲ့ လူကြီးကို ဒီလိုလျှောက်ပါတ်ခေါ်နေလို့ မဖြစ်ပါဘူးလေဆိုပြီး နောက်အ၀င်ပေါက်နဲ့ တည့်တည့်က ဆိုင်မှာ နံမည်က ဘာပါလိမ့် မမှတ်မိတော့ဘူး။ အဲဒီဆိုင်မှာပဲ လ္ဘက်ရည် ရလားမေးလိုက်တယ် . ဆိုင်ရှင် တန်တီတစ်ယောက်က အာ ရတယ် ရတယ်တဲ့ အရမ်းကောင်းတယ်တဲ့ ဘယ်နှစ်ခွက် လဲတဲ့ အဲလိုမေးတာကို ကျွန်တော်ကလည်း အူကြောင်ကြောင်ရယ် ရတယ်ဆိုတဲ့ လ္ဘက်ရည်က ရေနွေးကြမ်းကို ပြောတာလား ဖျော်ထားတဲ့ လ္ဘက်ရည်ကိုပြောတာလားလို့ ထပ်မေးလိုက်ပါသေးတယ်. ဆိုင်ရှင် အန်တီကလည်း ကျွန်တော့်ရဲ့အူကြောင်ကြောင်အမေးကို ပြန်ဖြေပါတယ် ဖျော်ထားတဲ့ဟာလေတဲ့ သောက်လို့အရမ်းကောင်းတယ်လေတဲ့။ ကျွန်တော်လည်း မေးပြီးမှ အတော်ရယ်ချင်သွားတယ် ကိုယ့်ကိုကိုယ်ပါ။ ဒါပေမယ့် တစ်ခုရှိတာက ပင်နီစူလာက စားသောက်ဆိုင်တွေမှာက ရေနွေးကြမ်းကို သပ်သပ် ၀ယ်သောက်ရတာပါ။ အဲဒါကြောင့်လဲပါပါတယ်( သတင်းစာ ရှင်းလင်းရေးလုပ်ပေးတာပါ)။
အဲဒါနဲ့ လ္ဘက်ရည်တစ်ယောက်တစ်ခွက်စီမှာလိုက်တယ် ပြီးတော့ ကျွန်တော်ကခုံမှာထိုင်နေတုန်း ကိုစန်းဝင်းက အကြော်သွားမှာမယ်ဆိုပြီး ထထွက်သားတယ်။ သူမှာပြီးပြန်လာတော့ လ္ဘက်ရည်ကလည်းလာချတော့  ပိုက်ဆံသူပေးမယ် ငါပေးမယ်နဲ့ ကျွန်တော်က 50 ဆယ်တန်ထုတ်ပေးတယ် ပိုက်ဆံရှင်းတဲ့ဆရာက အနုတ်မရှိဘူးလားမေးတယ်. ဘယ်လောက်လဲဆိုတော့ 2 ကျပ်ဆိုလို့ ရှိတဲ့ တစ်ရွက်တည်းသော နှစ်ကျပ်တန် ထုတ်ပေးလိုက်တယ်။ ကျွန်တော်တစ်ကယ်မသိတာပါ လ္ဘက်ရည်တစ်ခွက် ဘယ်လောက်ဆိုတာ. အဲဂလို အသောက်များတာ ပြောပါတယ်. ကျွန်တော်လိုလူမျိုးကြည့်ဆို စင်ကာပူက မြန်မာဆိုင်တွေ စီးပွါးရေးကပ်ဆိုက်လောက်ပါပြီ။ ဒါနဲ့ အကြော်လည်းလာရော ပိုက်ဆံလုရှင်းကြပြန်ပါတယ် နှစ်ယောက်သား 50 ဆယ်တန်ကြီးတွေနဲ့ တကားကားနဲ့ ကျွန်တော်ပေးမယ် သူပေးမယ်နဲ့ ပေါ့။
ပိုက်ဆံရှင်းတဲ့ ဆရာက ဂျွန်စောနဲ့တူတဲ့ ကိုစန်းဝင်းဆီက ယူသွားပါတယ်။ (၅)ကျပ်ပြောင်သွားတယ် ကိုစန်းဝင်း ကျေးဇူးတင်ပါတယ် လို့ နောက်လဲကျွေးနိုင်ပါစေ .. ဟဲ :) ။ အဲဒါနဲ့စကားပြောရင်း ကျန်တဲ့ အစ်ကို နှစ်ယောက် ကိုစောင့်ရင်း စကားကောင်းလာတယ်။ ကိုစန်းဝင်းက ပြောတယ် အရင်တစ်ခါ သူနဲ့ ကိုအောင်မျိုးမင်းနဲ့ တစ်ကြိမ် တွေ့တုန်းက ဘီယာဘယ်မှာ သောက်တယ်ဆိုတာ ..:p ။ အဲဒါနဲ့ ငယ်ငယ်ကအကြောင်း ဆယ်တန်းတုန်းက ဆရာတွေ အကြောင်းပြောရင်းနဲ့ ခနကြာတော့ ထောင်ထောင်မောင်းမောင်းနဲ့ မျက်နှာရွှင်ရွှင် နဲ့ ခပ်ချောချော အစ်ကိုတစ်ယောက်ဝင်လာပြီး ဟာ မောင်စန်းဝင်း လူုတောင်မှားလို့ပါ့လားဆိုပြီးဝင်လာပါတယ် . အဲတော့မှ ကိုစန်းဝင်းက ဟာ ကိုအောင်မျိုးမင်းလာဗျာ ဆိုပြီ အညာလေသံနဲ့ ခေါ်လိုက်တယ်။ အဲတော့မှ ကိုအောင်မျိုးမင်းမှန်း သိတာပါ။
ထင်တော့ထင်ပါတယ် ခပ်ချောချော ဆိုတော့ ကျွန်တော်တို့နယ်သားဖြစ်မယ်လို့ :P ။ ဒီလိုနဲ့ စကားတွေက ကောင်းလာတယ်ဗျ ရပ်ကြောင်းရွာကြောင်းတွေပြောရင်းနဲ ကိုစန်းဝင်းရဲ့ဖုန်းကဖုန်းလာလို့ ကိုင်လိုက်တော့ ကျွန်တော်တို့ရဲ့ကျောက်ပန်းတောင်းအသင်း ဆိုဒ် ကို စတင် လုပ်ခဲ့တဲ့ ကိုရဲဖြိုးသူ (RU) ပါတဲ့. ကိုစန်းဝင်းနဲ့ ဖုန်းပြောနေရင်းနဲ့ ကျွန်တော်တို့နဲ မိတ်ဆက်ပေး ပြီး တစ်ယောက်တစ်လှည့်စီ စကားပြောကြပါတယ်. ကျွန်တော့်အလှည့်ရောက်လဲရောက်ရော ဘယ်ရမလဲ မိတ်ဆက်ပြီးတာနဲ့ ကိုယ်ဖြစ်ချင်တာအကုန် ပြောတော့တာပါပဲ ဘယ်ရမလဲ ပြောလို့ရတုန်း ..:) ။ ကိုရဲဖြိုးသူကလည်း သဘောကောင်းပါတယ် တော်လည်းတော်ပါတယ်. ပြည့်လည်းပြည့်ဝ မှန်း စကားပြောကြည့်လိုက်တာနဲ့ သိရပါတယ်။ ကျွန်တော်နဲ့ ကိုရဲဖြိုးနဲ့ အခု တင်ပြမဲ့ Fun Club ဖွဲ့စည်းရေးနဲ့ ပါတ်သက်ပြီး ဖုန်းနဲ့ပြောတာနည်းနည်းကြာ
သွားတယ်. ကိုစန်းဝင်းဖုန်းကို ကိုကျော်နိုင်ထွန်းနဲ့ ဆက်သွယ်ရဦးမှာမလို့ ကျွန်တော့်ဖုန်းနံပါတ်ကို ပြန်ခေါ်ခိုင်းပြီးအနည်းငယ်ထပ်ပြောဖြစ်ပါသေးတယ်. ကိုရဲဖြိုးသူမှ လည်းလုပ်ချင်တဲ့ဆန္ဒရှိပါတယ် လို့သိရတဲ့အတွက် အတော် အားတက်ခဲ့ပါတယ်။ အသေးစိတ် ကို ဆိုဒ်ထဲမှာ ထပ်ဆွေးနွေးကြမယ်ဆိုပြီးတော့ ကိုစန်းဝင်းနဲ့ဖုန်းခန ပြောပြီး ကိုရဲဖြိုးသူ ဖုန်းချသွားပါတယ်။ ခနကြာတော့ ကိုကျော်နိုင်ထွန်းရောက်လာပါတယ်. သူကလည်း ကျောက်ပန်းတောင်းမြို့သားဆိုသည့်အတိုင်း ဖြူဖြူ သန့်သန့် ခပ်ချောချော ပဲဖြစ်ပါတယ် ( နောက်တစ်ခေါက်တွေ့ကြရင် မုန်းကျွေးဘို့ မမေ့နဲ့နော် :P) ။ အဲဒါနဲ့ လူလည်းဆုံတော့ လေးယောက်သားရပ်ရေး ရွာရေးအကြောင်းတွေပြောလိုက်ကြတာ အတော်လေးရင်းနှီးသွားကြတယ်။ နောက်တော့ ဓါတ်ပုံတွေလည်း ရိုက်ဖြစ်ခဲ့ပါသေးတယ် ဆိုင်ကအစ်ကိုကြီးတစ်ယောက်ရဲ့အကူညီနဲ့ပေါ့။ အဲဒါနဲ့ လေးယောက်သား တစ်ယောက်အကြောင်းတစ်ယောက်ပြောရင်းနဲ့ အားလုံးဟာ ဟိုလူ့ကိုသိလား ဒီလူ့ ကိုသိလားမေးရင်းကနေအားလုံးဟာ တစ်နည်းနည်းနဲ့ သိနေကြတဲ့ သူတွေဖြစ်နေပါတယ်။ အဲဒီလိုမှ မတွေ့ဖြစ်ကြရင် အားလုံးဟာ ဘယ်လိုမှ သိခွင့်ရှိကြမှာမဟုတ်ပါဘူး။ ဒါဟာ စုပေါင်းခြင်းရဲ့ အကျိုး ရလဒ် တစ်ခုပါပဲ။ အဲဒါနဲ့ ကျွန်တော်တို့တွေ စင်ကာပူနဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ မေရီနာဘေး ဘက် လမ်းလျှောက်ထွက်ခဲ့ကြပြီးလမ်းတစ်လျှောက် ဓါတ်ပုံတွေ ရိုက်ခဲ့ကြပါတယ်။ ကိုအောင်မျိုးမင်းရဲ့ ကင်မရာ အသစ်စက်စက်လေးနဲ့ ပေါ့ဗျာ. လူတွေကလည်း ခပ်ဖြောင့်ဖြောင့်တွေဆိုတော့ ဓါတ်ပုံတွေကလည်း ရှယ် လန်းနေတာပေါ့ဗျာ။ ဒါနဲ့ပဲ လမ်းလျှောက်တာလဲလမ်းကုန်နေပြီဟိုဘက် ရေတွေပဲကျန်ကာကျမှ ပြန်လာခဲ့ကြပါတယ်။ အပြန်ပင်နီစူလာ ပလာဇာ နားမှာပဲလမ်းခွဲပြီး ကိုအောင်မျိုးမင်းက အရင် ခွဲထွက် ပြီးပြန်သွားပါတယ်။ ကျန်တဲ့ ကျွန်တော်တို့ သုံးယောက်ကတော့ ပလာဇာပေါ်မှာ လုပ်စရာလေးတွေ ကျန်နေသေးတဲ့အတွက် အပေါ်တက်လာခဲ့ကြပါတယ် . လမ်းမှာ
ကိုစန်းဝင်း ကနေ ဘောလုံး မကန်ဖြစ်တာကြာပြီဖြစ်ကြောင်း ပြောတော့ကိုကျော်နိုင်ထွန်းက အခုကန်မယ်လုပ်နေပါသေးတယ်။ ဒီလိုနဲ့သုံးလွှာ အရောက်မှာ ကျွန်တော်က ဈေးဝယ်စရာများရှိတာဝယ်ရန် ရွှေရတနာဆိုင်ကိုသွား၊ ကိုကျော်နိုင်ထွန်း က သူ့သူငယ်ချင်းနှင့်ချိန်းထားသော နေရာကိုသွားလေတော့သည်။ ကိုစန်းဝင်းကတော့ ဆံပင်ညှပ်ရန် အပေါ်ထပ်ထပ်တက်သွားသည်။ ပြီးမှ ပြန်ဆုံပြီး အတူတူပြန်ရန် ကိုစန်းဝင်းနှင့်အချိန်းချက်လုပ်ပြီး ဈေးကို အေးဆေးဝယ်နေလိုက်သည်။ အိမ်ကအစ်မ မှာလိုက်တာ ပဲမှုန့် အကျက်နှင့် ငြုတ်သီးမှုန့် အစိမ်းကို ဘယ်ဟာအကျက် ဘယ်ဟာ အစိမ်းမှန်း မခွဲတတ်၍ ဆိုင်က အစ်မတစ်ယောက် ကိုမေး၍၀ယ်ခဲ့လိုက်ပါသည်။ ၀ယ်ပြီးတော့ ကိုစန်းဝင်းအား ဖုန်းဆက်၍ စောင့်နေကြောင်းပြောပြီး Escalator နားမှ ရပ်စောင့်နေလိုက်သည်။ ခနကြာတော့ ဂျွန်စော တစ်ဖြစ်လဲ ထယ်စောက် ကေနဲ့ ကိုစန်းဝင်းထွက်လာပါသည် (နောက်တစ်ခါတွေ့ရင်တော့ မုန့်ထပ်ဝယ်ကျွေးမှာ သေချာနေပါပြီ ...:) ။
ကိုစန်းဝင်းက အစ်ကိုတစ်ယောက်အတွက် MP3 ၀ယ်ချင်သေးသည် ဆိုသဖြင့် လမ်းတစ်ဖက်ခြမ်းတွင်ရှိသော Funan Digital Mall ၏ North Bridge Road ဘက်အခြမ်း အပေါ်ဆုံးအလွှာရှိ အရောင်ဆိုင်သို့ တက်သွားပြီး အရင်လိုက်လေ့လာလိုက်ပြီး ကောင်တာတွင် Catalogue ကြည့်ပြီး စိတ်ကြိုက်နှစ်ယောက်သား မစားရ၀ခမန်း လိုက်ရွေးခဲ့ကြပြီး နောက်ဆုံး အဆင့်ရွေးချယ်ထားသော အမျိုးအစား နှစ်မျိုးမှ တစ်မျိုးဖြစ်သော Ipod ကို အရင်ကြည့်ခဲ့ရာ သိပ်မကြိုက်သဖြင့် နောက်တစ်မျိုး ဖြစ်သော Sony တံဆိပ်အားနှစ်ဦးစလုံး နှစ်သက်၍ ၀ယ်ယူပြီး သိချင်သော အချက်အလက်များကို မေးမြန်းပြီး နှစ်ယောက်သား ပြန်လာခဲ့ကြသည်။ ကျွန်တော်နှင့် ကိုစန်းဝင်းမှာ နေထိုင်ရာ နေရာချင်း မနီးမဝေးဖြစ်သည့်အလျှောက် ရထား လိုင်းတစ်လိုင်းတည်းပဲဖြစ်သည်။ ကျွန်တော်နေထိုင်ရာ Chinese Garden ကို အရင်ရောက်သောကြောင့် ကျွန်တော် ကိုစန်းဝင်းအားနှုတ်ဆက် ဆင်းနေခဲ့ပါသည်။ သူကတော့ နောက်ထပ် နှစ်ဘူတာ မြောက်က Bonlay တွင်နေထိုင်သူဖြစ်သောကြောင့် ဆက်လက်လိုက်ပါသွားလေသည်။
ဤသည်တွင် ကျွန်တော်တို့၏ စင်ကာပူရောက် ကျောက်ပန်းတောင်းအသင်း အသင်းဝင်များ ၏ ပထမဦးဆုံးတွေ့ဆုံပွဲ ပြီးစီးလေသည်။

ဒီလိုတွေ့ဆုံ ကြရင်းဖြင့် ရရှိလာသော အကြံအစည်လေးတစ်ခု မှာ အဝေးရောက် ကျောက်ပန်းတောင်းသားများ Fun Club အား ကျွန်တော်တို့၏ ကျောက်ပန်းတောင်းအသင်း ဆိုဒ်လေးတွင်အခြေပြူ၍ဖွဲ့စည်း နိုင်ရန် ဤပိုစ့် ကို ရည်ရွယ် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ တစ်စုံတစ်ယောက် ထိခိုက်နစ်နာ ခဲ့လျှင် ဤနေရာမှနေ၍ စာရေးသူ တောင်းပန်အပ်ပါသည်။ တစ်စုံတစ်ခု ပြောဆိုချင်ပါက hellonyinyi@gmail.com သို့ မေလ်ပို့၍ဖြစ်စေ ကျွန်တော့် ကျောက်ပန်းတောင်းအသင်း Page တွင် ဖြစ်စေ ပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွားဖြင့်

ညီညီကျော်


1 comment:

ညီညီ said...
This comment has been removed by the author.