29 December, 2009

မှားသလားမှန်သလား...




ကျွန်တော် လူဖြစ်တာသာကြာလာလေ လူအဖြစ်နှေးတဲ့ကောင်ပါ.။
ဘယ်အရာမဆို ကန့်လန့်တိုက်သည်။  
ကိုယ်မှန်တယ်ထင်လျှင် လုံးဝမဖြေရှင်းတတ်ပါ
စကား များများမပြောသလို ပြောလျှင်ပြောသလိုလုပ်တတ်ပါသည်။
မပေးနိုင်သော ကတိ ကို လုံးဝမပေးတတ်သလို ဟန်ဆောင် စွာလည်းမပြုံးတတ်သေးပါ။
လူမှု့ဆက်ဆံရေး တွင် သုံည အောက်က အနှုတ် ပါ။
အပေါင်းအသင်း လည်း နည်းသလို မပေါင်းချင်လျှင် လုံးဝမပေါင်းတတ်ပါ
ကိုယ်ခင်လျှင် သူခင်ချင်သည် မခင်ချင်သည် ဂရုမစိုက် အတင်းလိုက်ခင်တတ်သည်။ ကိုယ်ချစ်လျှင် အနွံတာခံသည်။
ကိုယ်မုန်းလျှင် အသံကြားတောင် ရွံမုန်းမုန်းသည်။
သူများ မျက်နှာသစ်မသစ် ကျွန်တော် ဂရုမစိုက်တတ် ကိုယ့်မျက်နှာ ကိုယ်သစ်သည်။ 
ကိုယ်လုပ်ချင်တာလုပ်သည် ကိုယ်ဖြစ်ကိုယ်ခံသည်။ 
 ကိုယ့်အကြောင်း အမွှန်းတင်ခြင်း အလုပ် အမုန်းဆုံး အလုပ်ဖြစ်သည်။ 
သူများအကြောင်း သိပ်မပြောတတ်မကြိုက်လျှင် တည့်ပြောသည်။ 
နောက်ကွယ်တွင် အတင်းပြောခြင်း ကို အသေအလဲ ရွံမုန်းသည်။ 
"ကျွန်တော့်ချစ်သူကို အသက်ထက် ပိုချစ်သည်။"
"ကျွန်တော့်သူငယ်ချင်းများအပေါ် လိုတာထက်ပို ခင်တွယ်မိသည်။"
"ခွဲခြားဆက်ဆံခြင်းကို အရမ်းမုန်းသည်။"
မပေါင်းခြင်လျှင် ပွင့်လင်းစွာပြောနိုင်သည်။ 


မကျေနပ်မှု့များ အမြင်မကြည်လင်သည်ရှိပါက
hellonyinyi@gmail.com သို့ တိုက်ရိုက်ပြောဆိုနိုင်သည်။  



ဤပိုစ့်အတွက် စာကြွင်းမရှိ...........။ 
ယခုပိုစ့်ရေးချိန်တွင် အပူချိန် 102 .... ဆေးခွင့်နှစ်ရက်ယူထားသည်။ 


19 December, 2009

HIV ကူးစက်ခံရသော ကလေးငယ်များ

အနှိုင်းမဲ့ ကျေးဇူးရှင်
ဤမွေးသမိခင် ဤဖခင်တို့
ပေးအပ်နှင်းသော အသက် "နှင်း" လေး
နေမထွက်ခင် ပျယ်လုပြီ။
အတိတ်ကံတွေ ဆိုးခဲ့ပေတဲ့
သူတို့လေးတွေ
လောကဆိုတာ "လော" သလား "က" သလား
မသိခင်မှာ
အိမ်မက်တွေကျပျောက်
စိတ်ကူးတွေ နွံနစ်ခဲ့ပြီ။
အတောင်မစုံခင် ကောင်းကင်ပျောက်ရလေတယ်.
မဖူးသေးခင် ကြွေရတော့မယ် ပန်းကလေးရယ်.
ဖေါက်ဖတ်ခွင့်မရတဲ့ ကံကြမ္မာကို အပြစ်တင်ရမလား?
လေတိုက်တိုင်း ခြစားနေတဲ့ လူတွေကိုပဲ အပြစ်တင်ရမလား?
ဖြစ်ပျက်တရား ရှု ချင်ငြားလည်း
"ဖြစ်" သဘော မကြာ "ပျက်" သဘောရောက်
ဤမျက်မှောက်တွင် သူတို့ဘ၀လေးအေးချမ်းပါစေ...။







HIV ကူးစက်ခံရသော ကလေးငယ်များအတွက် ရည်ရွယ်ပါသည်။



10 December, 2009

***အမှောင်ညရဲ့ ပျောက်ဆုံးကြယ်စင်***

အစိမ်းသက်သက် အိမ်မက်ဆိုးည.
ဖရိုဖရဲ အခန်းကျဉ်းထဲ.
ဟိုဒီပြန့်ကြဲ အလွမ်းစိတ်တွေ.
သန်းခေါင်ယံရဲ့ စီးကရက်.
ခါးသက်သက် ၀ိုင်နီ.
တစ်ဖက်ဖွင့် ပြတင်းတံခါး.
ကြိုးပြတ်နေတဲ့ ဂစ်တာအို.
သံစဉ်မဲ့ တေးသွားတစ်ပုဒ်.
ကြေမွနေတဲ့ ဒိုင်ယာရီ.
သခင်မဲ့ ကဗျာတစ်ရွက်.
ခမ်းခြောက်လုလု ကလောင် တစ်ချောင်း.
ခပ်ပြင်းပြင်း အသက်ရှုသံ.
ကျလုဆဲဆဲ မျက်ရည်တစ်စက်.
အိမ်မက်ဆိုးနဲ့ အလွမ်းညရှည်.
လင်းလှည့်စမ်းပါ ရောင်နီဦး။

                                                      ညီညီ(အနာဂါတ်သံစဉ်)

P.S - အမှန်တော့ ကျွန်တော့် လိပ်စာ အသစ်ပြောင်းပီးမှ ပိုစ့်အသစ်တွေ တင်မလို့ပါ.။ သို့သော် အိမ်အသစ်အား ပြင်ဆင်၍ မပြီးစီးနိုင်ဖြစ်နေသောကြောင့် မအောင့်နိုင်ပဲ တင်လိုက်ခြင်းဖြစ်ပါသည်.။
လာရောက်အားပေးကြသော မိတ်ဆွေများအားလုံး ကျေးဇူးတင်ရှိပါသည်။


21 November, 2009

ဝီစကီ သားချော့တေး...




သူ့ရင်ခွင်ကို စုံကန်ပြီး သူမအဝေးကိုထွက်သွားခဲ့တယ်.
သန်းခေါင်ယံညရဲ့ လောင်မြိုက်နေတဲ့ ဆေးလိပ်တိုလေးလိုပေါ့.
သူမဟာ သူ့ရဲ့ ရင်ထဲမှာ ဒဏ်ရာတွေ ပေးခဲ့တယ်.
သူ့ဘ၀ တစ်လျှောက်လုံး သူမကိုမေ့ဖျောက်ဘို့ ကြိုးစားခဲ့တယ်..
ဝီစကီသာ သူ့အတွက် အဖေါ်မွန်အဖြစ်နဲ့ သူမကို မေ့ဖျောက်စေခဲ့တယ်.
တဖြေးဖြေးချင်းစီ သောက်ရင်း သူမကို သူ့ရင်ထဲက တစ်စချင်းစီထုတ်ယူနေခဲ့တယ်.
သူမကို သိတဲ့ အသိစိတ်လေးပျောက်ကွယ်သွားတဲ့ အထိဆက်သောက်ရင်း
နောက်ဆုံးမှာ ၀ီစကီက သူမနဲ့ပါတ်သတ်ခဲ့သမျှ မေ့သွားစေခဲ့တယ်..

ဘ၀ဆိုတာ တိုတိုလေးပါပဲ. ဒါပေမဲ့ သူ့အတွက်တော့ ဒီအချိန်တွေက အရမ်းကြာရှည်လွန်းနေလေရဲ့.
သူမကိုမေ့ဖျောက်နိုင်ဘို့ သူအချိန်တိုင်းမူးလို့နေရတယ်.။

သူ့ကိုကျွန်တော်တို့ ပြန်တွေ့ရချိန်မှာတော့
သူ့ခေါင်းအုံးပေါ်မျက်နှာအပ်ထားရင်း.
သူမကို သူ့သက်ဆုံးတိုင်ချစ်ပါတယ်လို့ ရေရွတ်နေတယ်.
သူ့ရဲ့နောက်ဆုံး ထွက်သက်လေးပျောက်ပျယ်သွားတဲ့အထိပေါ့.။

ကျွန်တော်တို့ သူ့ကို သစ်ပင်ကြီးတစ်ပင်အောက်မှာ ထာဝရ အိပ်စက်ခွင့်ပေးလိုက်ချိန်မှာ
နတ်သမီးတွေဟာ သူ့အတွက် ၀ီစကီ သားချော့တေးတစ်ပုဒ်ကို ဆိုညဉ်းပေးကြတယ်.။

ပြောစမှတ်လေးကျန်ရစ်ခဲ့တယ်.
ဒါပေမဲ့ သူမ ကိုယ်တိုင် ဘယ်လောက် နာကြင် ယူကြုံးမရဖြစ်နေတာ ဘယ်သူမှ မသိကြဘူး.။
တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားတယ်.
ဝီစကီ ကိုသူမ အဖေါ်ပြုရင်းနဲ့ပေါ့.
နာကျင်မှု့တွေ တငွေ့ငွေ့နဲ့ပျောက်ကွယ်သွားအောင် ၀ီစကီလေးနဲ့ အဖေါ်ပြုနေခဲ့တယ်.။
နောက်ဆုံးမှာ သူ့ရဲ့ ပုံရိပ်လေးပျယ်လွင့်သွားခဲ့ပြီး သူမဘာမှမသိလိုက်တော့ဘူး.။
သူ့ရဲ့ဓါတ်ပုံလေးကို ဆုပ်ကိုင်ရင်း လောကကြီးထဲက ထွက်သွားခဲ့တယ်။

ကျွန်တော်တို့ဟာ သူမကို သူ့ရဲ့ဘေးမှာ ထာဝရအိပ်စက်စေခဲ့တယ်.
တစ်ချိန်တည်းမှာ နတ်သမီးလေးတွေဟာ သူမအတွက်.
ဝီစကီ သားချော့တေးလေးတစ်ပုဒ်ကို ဆိုညဉ်းပေးကြလေရဲ့...။



P.S >>ကျွန်တော်ဒီသီချင်းကို နားထောင်ရင်း နဲ့ ခံစားမိတာလေး တစ်ချို့ရှိတယ်.။ အဲဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ပေးနားထောင်တော့ သူလည်းကြိုက်တယ်တဲ့..။ အခုမြန်မာလိုပြန်ထားတာက သူနဲ့ ကျွန်တော်နှစ်ယောက် ဘာသာပြန်ထားတာပါ.။ မှားယွင်းမှု့ တစ်စုံတစ်ရာ ရှိခဲ့ရင် ကျွန်တော်တို့၏ ညံ့ဖျင်းမှု့သာလျှင်ဖြစ်ပါသည်။



10 November, 2009

အိမ်..




                                                    


အိမ်ဆိုတာ ဘာလဲ?


"သာယာမှု့တွေ ပေးစွမ်းနိုင်တယ်.။ နွေးထွေးတယ်.။ လုံခြုံမှု့ရှိတယ်.။ လူသားတိုင်းအတွက် မရှိမဖြစ် ပိုင်ဆိုင်မှု့ တစ်ခု.။"


ဝမ်းနည်းခြင်းတွေယူဆောင်လာလည်း သူလက်ခံတယ်။ ပျှော်ရွှင်ခြင်းတွေ သူ့ဆီသယ်လာလည်း သူကိုယ်တိုင်ပျော်တယ်.။
အိမ်အမျိုးမျိုးရှိတယ်။ ခိုင်ခိုင် ခံ့ခံ့နဲ့ လိုအပ်ချက်တွေ ပြီးပြည့်စုံစွာ ရနိုင်တဲ့အိမ်။ ခနော်ခနဲ့ လေတိုက်တိုင်းယိမ်းထိုးနေတယ်. လိုအပ်ချက်တွေ အများကြီးရှိနေတဲ့အိမ်.။ ဘယ်လိုအိမ်ပဲဖြစ်ဖြစ် သူ့ရင်ခွင်ထဲက သူ့မိသားစုအတွက် မိုးရွာရွာ နေပူပူ လေတွေတိုက်တိုက် မုန်တိုင်းပဲကြနေပါစေ. မိုးကြိုးတွေ လျှပ်စီးတွေ ကြားမှာ သူ့ရှိသမျှ ခွန်အားနဲ့ သူကာကွယ်မှာပဲနော်.။ သူကတော့ သူ့ရင်ခွင်ထဲက သူ့သွေးသားအားလုံးကို ချစ်မှာပါပဲ..။ ကျွန်တော်တို့အားလုံးလဲ ကိုယ့်အိမ်ကြီးကို ကိုယ်ချစ်ကြမှာပါပဲ။
ဒီအိမ်ကြီးရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဘို့ ဒီအိမ်သူအိမ်သားအားလုံးရဲ့ တာဝန်ပါပဲ.။ ဒီအိမ်ကြီး အတွင်းမှာနေကြတဲ့သူအားလုံးမှာ တာဝန်ကိုယ်စီယူကြပါတယ်။ အိမ်ကြီး ရဲ့ သန့်ရှင်းသပ်ရပ်ရေး.ကိုတာဝန်ယူရတဲ့သူကလည်း သူ့တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ရပါမယ်။ အိမ်ရဲ့ လုံခြုံရေးနဲ့ အိမ်သူအိမ်သားတွေရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့သူဟာလည်း လုံခြုံရေးအတွက် သူ့မှာ တာဝန်အပြည့်ရှိပါတယ်.။ အိမ်ရဲ့ စာနပ်ရိက္ခာနဲ့ လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဘို့ စီးပွါးရေးတောင့်တင်းအောင်လည်း ကျွန်တော်တို့ အိမ်သူအိမ်သားများ စည်းစည်းလုံးလုံးနဲ့ တာဝန်ကိုယ်စီယူကြရပါတယ်.။

အိမ်တစ်အိမ်ရဲ့ စီးပွါးရေး ဘယ်လိုရှာကြမလဲ?..။

အိမ်မှာပဲ ရှာဖွေလို့ရတဲ့နည်းတွေအများကြီးပါ.။
ကိုယ့်အိမ်မှာ စိုက်ပျိုးရေးလုပ်ရင် စိုက်ပျိုးရေး ထုတ်ကုန်တွေ အပြင်မှာရောင်းချပြီး စီးပွါးရှာနိုင်မယ်.။
ကိုယ့်အိမ်မှာ စက်မှု့လက်မှု့လုပ်ရင် စက်မှု့လက်မှု့ ထွက်ကုန်တွေ ရောင်းချနိုင်ပါတယ်။
ကိုယ့်အိမ်မှာ သဘာဝကပေးအဖိုးတန် ပစ္စည်တွေရှိရင် အဲဒီအဖိုးတန်ပစ္စည်းတွေကနေလည်း အိမ်ရဲ့ စီးပွါးရေးတစ်ရပ် ဖြစ်ပါတယ်.။

နောက်တစ်နည်းကတော့ အိမ်သူအိမ်သားတွေဟာ အပြင်မှာထွက်အလုပ်လုပ်ရပါတယ်.။


အိမ်အပြင်ကို ထွက်ပြီးအလုပ်လုပ်နေကြသူတွေဟာလည်း ဒီအိမ်သူအိမ်သားတွေပါပဲ.။ သူတို့တွေဟာ ဒီအိမ်ကြီးရဲ့ စီးပွါးရေး ကိုတစ်စိတ်တစ်ဒေသ က ပါဝင်အားထုတ်နေကြရသူတွေပါ.။ သူတို့ဘ၀ အချိန်တွေကို သူတို့ချစ်တဲ့ အိမ်ကြီးနဲ့ဝေးရာမှာ အကုန်ခံပြီး အိမ်ရဲ့စီးပွါးရေး ကို တစ်တပ်တစ်အားဖြည့်ဆည်းပေးနေကြသူတွေပါ.။ သူတို့လုပ်အားချွေးနည်းစာနဲ့ ဒီအိမ်ကြီးရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးကြပါတယ်။

"သူတို့တွေ မောပန်းလို့ ပြန်လာတဲ့ အိမ်ပြန်ခရီးမှာ အိမ်မှာရှိတဲ့သူတွေက သူတို့ကို ဘယ်လိုကြိုလင့်သင့်ကြလဲ?.။"


အိမ်ရဲ့ ပညာရေးအဆင့်အတန်းဘယ်လိုမြှင့်တင်မလဲ?.။


ပညာရေးမြင့်မာဘို့ဆိုတာ ပညာရှာတဲ့သူတွေဟာ ပညာရှာဘို့ ပညာသင်ကြားနိုင်တဲ့နေရာကို သွားပြီး ပညာတွေသင်ကြားကြတယ်။ ဒါဟာလည်း ဒီအိမ်ကြီးမှာ အသိပညာတွေမြင့်မားဘို့ ဒီအိမ်ကြီးရဲ့ရှေ့အနာဂါတ်မှာ အိမ်ကြီးရဲ့ အဆင့်အတန်းမြင့်မာဘို့ အဓိက လိုအပ်ချက်ဖြစ်ပါတယ်။ အိမ်အတွင်းမှာရှိသူတွေရဲ့ ပညာရေးအဆင့်အတန်းမြင့်မားမှသာလျှင် အိမ်တစ်အိမ်ရဲ့ အဆင့်အတန်းဟာလည်း သူများအိမ်တွေနဲ့ယှဉ်ရင် မျက်နှာမငယ်ကြရမှာပါ။

"ထိုကဲ့သို့ အပြင်ထွက်ပြီပညာရှာနေကြသူတွေရဲ့ အိမ်အပြန်ခရီးမှာရော အိမ်သူအိမ်သားတွေအနေနဲ့ ဘယ်လိုကြိုလင့်သင့်ပါသလဲ?။"


"တစ်အိမ်တည်းနေ တစ်ရေတည်းသောက် တစ်မိုးတည်းအောက်မှာ အမိတစ်ယောက်တည်းက မွေးဖွါးလာကြတဲ့ ညီအစ်ကိုမောင်နှမများ စိတ်ဓါတ်နဲ့သာ အိမ်အပြင်ကနေ မောမောပန်းပန်းနဲ့  ပြန်လာကြသူတွေကို အိမ်မှာကျန်ရစ်တဲ့သူတွေအနေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုကြမယ်ဆို သူတို့တွေရဲ့ ဘ၀အမောတွေ ဟာ အိမ်အ၀င်ပေါက်ဝမှာတင် အားလုံးပြေပျောက်သွားကြပါလိမ့်မယ်။"




(ခံစားမိသလိုချရေးလိုက်ခြင်းပါ။ )

လေးစားစွာဖြင့်

ညီညီ(အနာဂါတ်သံစဉ်)










31 October, 2009

AutoCAD


              Auto CAD ကို ရေကုန်ရေခမ်း လေ့လာချင်သူတွေအတွက်. အသုံးဝင်မဲ့ ဆိုဒ်လေးတွေပါ.။
ကိုယ်တိုင်ပါဝင် ဆွေးနွေးနိုင်သလို ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို လည်း မေးမြန်းလို့ရပါတယ်။
ကမ္ဘာအရပ်ရပ်က Auto CAD ဆိုင်ရာ ကျွမ်းကျင်သူများမှ ဖြေကြားချက်များရယူနိုင်ပါတယ်။
ဒီပိုစ့်လေးမှာ ဖေါ်ပြထားတဲ့ Link List အားလုံးကို ကျွန်တော့်ဆိုဒ်ရဲ့ side bar မှာလည်းဖေါ်ပြထားပေးပါတယ်။

အောက်မှာဖေါ်ပြထားတဲ့ အပေါ်ဆုံးက Autodesk Discussion Groups ဆိုတဲ့ဆိုဒ်ကတော့ Autodesk Company ကြီးက ဖွင့်ပေးထားတဲ့ Forum တစ်ခုဖြစ်ပါတယ်။ Registered Version တိုင်းမှာ Help tab ကနေတိုက်ရိုက် သွားရောက်ကြည့်ရှု့လို့ရပါတယ်။

သိပြီးသားသူများအတွက် မလိုအပ်ပါ။ လေ့လာချင်သူများ မသိသေးသောသူများအတွက် အထောက်အကူရစေလိုသော ရည်ရွယ်ချက်ဖြစ်ပါသည်။
Information ပေးခြင်းသက်သက်သာဖြစ်ပါသည်။




လင့်တွေအားလုံးကို   ဒီနေရာ   မှယူထားပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
  

          ခင်မင်လေးစားလျှက်

         ညီညီ(အနာဂါတ်သံစဉ်)

      

23 October, 2009

လွမ်းလို့သေသွားတဲ့ ဒီသစ်ပင်.



မျှောင်လင့်ခြင်းမဲ့ မိုးကောင်းကင်ထက်က
ဆောင်းညရဲ့ အိမ်မက်ရှည်တွေလို
မပီပြင် ၀ိုးတ၀ါး ငါ့အိမ်မက်လေးပျောက်လုပြီ.။

ယုံကြည်မှု့တစ်ခုအတွက် လည်း မိုက်ရဲတယ်.
မြေမြင့်မြင့်မှာလည်း မလျှောက်ချင်ဘူး..
တွဲခဲ့ဖူးတဲ့ လက်တစ်စုံသာ မြဲချင်တယ်.။

အချစ်ထက် ဦးစားပေးသင့်တာရှိခဲ့ရင်
ဦးစားပေးပြီး နင်ပြန်ခဲ့ပါ
ဒီကောင့်ရင်ခွင် အမြဲဖွင့်ထားတယ် .။

သံစဉ်ပျောက်တဲ့ အလွမ်းညတွေမှာ
နှစ်သိမ့်ရာ တေးသွားတစ်ပုဒ်
လိုလိုလားလား တောင်းတမိတယ်.။

မျှော်လင့်ခြင်းမဲ့တဲ့ မနက်ဖြန်များစွာ
ငါဘယ်လိုအင်အားမျိုးနဲ့
ကြိုလင့်ရမလဲ.။

ချိနဲ့စွာ တိုးဝှေ့လာတဲ့
လေပြည်လေးတစ်ချက်တောင်
တိုက်ခက်မလာမှတော့
အသံလာရာ မျှော်ကာမှန်းနေလည်း
ပိုင်ရှင်မှန် မဖြစ်နိုင်တာမို့
နာကျင်သမျှ ရင်ဆီးကာ ခံလိုက်တော့မယ်.
လွမ်းလို့သေသွားတဲ့ ဒီသစ်ပင်..


*****************************
ချစ်သူတိုင်းညားကြပါစေ...ညားသူတိုင်းလည်းချစ်ကြပါစေ..

******************************


P.S ..ဓါတ်ပုံအား Google မှ ယူသုံးထားပါသည်.။











18 October, 2009

Myanmar Woman Kissing A Snake

အာဂ မြန်မာအမျိုးသမီးပါပဲ။ ဘယ်အချိန် ဘယ်နေရာမှာ ဘာရည်ရွယ်ချက်နှင့် ရိုက်ကူးထားသည် မသိပါ။
ထူးဆန်းသော အပြုအမှူနှင့် အသည်းယားဖွယ် ကောင်းလှသော မြင်ကွင်းဖြစ်သောကြောင့် မျှဝေလိုသော ဆန္ဒနှင့် တင်လိုက်ခြင်းဖြစ်ပါသည်။

ဤအကြောင်းအရာအား အသေးစိတ်သိရှိသော သူများရှိပါက ပြောပြပေးစေလိုပါသည်။ မည်သည့်ရည်ရွယ် နှင့် မည်သည့်နေရာဒေသတွင် ဖြစ်သည်ကို သိချင်လှပါသည်။ သေချာသည်မှာတော့ မြန်မာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး
မြန်မာပြည်ရှိ ကျေးလတ်ဒေသ တစ်ခုခုတွင် ဖြစ်ဖွယ်ရာရှိပါသည်။

ထူးဆန်းပါပေ့ဗျာ။



ကွန်မန့် တစ်ခုကတော့ ဒီလိုပြောထားပါတယ်။

commentary is in russian.
basically this woman is some sort of priest in her village. In that village no male child was born for a very long time and it is beleived by villagers that they have angered the God (kobra) for some reason. This priest lady brought food to that kobra and had to kiss her three times to get forgiveness for her people. Interesting thing is that 2 sisters of that lady died from kobra bites. at the end the lady had her clothes covered with kobra's poison but since she was not bit, apperently survived.


မူရင်းလင့်ကတော့ ဒီနေရာ မှာကြည့်နိုင်ပါတယ်။

17 October, 2009

အိမ်မက်သံစဉ်

ဒါအိမ်မက်လား
မဟုတ်ပါနဲ့
မနိုးလိုက်ပါနဲ့
ဆက်မက်နေပါရစေချစ်သူ.

မဖြစ်နိုင်ပါဘူးလို့မပြောပါနဲ့
ဖြစ်နိုင်အောင်လုပ်နေသူအတွက်
အားတစ်ခုမဖြစ်ချင်နေပါ
အားမပျက်ပါစေနဲ့။

နင်မရှိလို့မဖြစ်လို့ပါ
အကြိမ်ကြိမ်ငါပြောနေတောင်
ငါ့အနားကိုမလာချင်နေပါ
ငါ့ကိုမောင်းမထုတ်ပါနဲ့။

နင်မလိုချင်ထားခဲ့ပါ.
နင်မရှိလို့မဖြစ်တဲ့ငါ့အတွက်
နင့်အနားမှာ နေခွင့်မရတောင်
မုန်းတယ်လို့မပြောပါနဲ့လား။

အသစ်သစ်ဖြစ်ဖြစ်လာတဲ့
အတိတ်ကငါ့အရိပ်ဆိုးတွေက
ငါမေ့ထားဆဲ ကြိုးစားဖျောက်ဖျက်ဆဲမှာ
ငါ့ကို အဖန်ဖန် နှိပ်စက်နေတယ်။

နင့်အတွက် အကောင်းဆုံးမဟုတ်ပေမဲ့
ငါ့ဘက်မှာ အကောင်းဆုံးကြိုးစားထားပါတယ်.
နင်လိုချင်သလောက်မရပေမဲ့
ငါ့မှာရှိတာတော့ အကုန်ပါပဲ။

နင်လိုချင်ရင်
အကုန်ယူသွား
အသုံးမ၀င်ရင်
ထားခဲ့လိုက်။

နင်မမက်ချင်တော့ရင်
နိုးထလိုက်
ငါ့အိမ်မက်
လှုပ်မနိုးလိုက်နဲ့
အရှိန်ပါသလောက်ပေါ့...














14 October, 2009

ရွာသာကြီးပြန် ညီညီ ....

Rules : It's harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can't use your name for the boy/girl name question.

1. What is your name – Nyi Nyi
2. A four letter word – None
3. A boy’s name – Nanda
4. A girl’s name - Nilar
5. An occupation – Nuclear Engineer
6. A color – Neon Orange
7. Something you’ll wear - N Tie (ဘာမှန်းမသိရင် ဒီမှာကြည့် :P)
8. A food – Nuts
9. Something found in the bathroom – New water :P
10. A place – Netherlands
11. A reason for being late – No running (မောလို့ :P)
12. Something you’d shout – Nothing ... Nothing
13. A movie title – National Treasure (Nicolas Cage)
14. Something you drink – Nachos Ice Tea ( မယုံရင် ဒီမှာကြည့် ... ဘယ်ရမလဲ မရမက ရှာရတာပေါ့ ..:)
15. A musical group – Nickelback
နမူနာ သီချင်းလေးပါ




16. An animal – Nightingale  


                               
 

17. A street name – North Bridge Road (at Singapore, just beside of Pininsula Plaza
      ရွှေမြန်မာတို့ ဆုံဆည်ရာလေ ..:))
18. A type of car –Nissan


            

                 
19. The title of the song – No Promise (Shayne Ward)
                            

Lyrics | Shayne Ward Lyrics | No Promises Lyrics

20. A verb – Note

1. What is your name : ညီညီ
2. A four Letter Word : ညီညာထကြွ
3. A boy's Name : ညီမင်းထက်
4. A girl's Name : ညီမလေး ( မဖြစ်တဲ့အဆုံး အဲလိုပဲပြောရမှာပဲ. တတ်နိုင်ဟူး.. ညီနဲ့စတဲ့ မိန်းကလေး
                          နာမည်လေးများသိရင်ပြောကြပါ .. ရူးချင်တယ် .. :)
5. An occupation : ညီလာခံမှူး  :( ဟီးးး. လျှောက်ပြောတာ . သိဘူးဗျာ. ရူးချင်လာပြီ  :::(     
6. A color : ညီတောက်တောက်  ( သိဘူး ကိုယ့်ဘာသာ တွေးကြည့်တော့ . ဘာအရောင်လဲဆိုတာ.   :(
7. Something you'll wear : ညီညီ ရဲ့ ဘောင်ဘီ  ( အရှည်ကိုပြောတာဗျို့ ..... :) )
8. A food : ညီညီ စားသောအစာ ( လူစာနော်. ဟင်း ... လျှောက်မတွေးနဲ့.  မမိုးခါးတော့လား တွေ့မယ်.)
9. Something found in the bathroom : ညီညီ ရေချိုးနေသည် ( ညီညီရေချိုးရင် ပုဆိုးပါတယ်ဗျို့ .
                                                       ချောင်းကြည့်နဲ့ ရဘူးဗျ   :P.)
10. A place : ညီညီ့ အိပ်ယာ  .....:P
11. A reason for being late : ညီညီ အိပ်ယာထ နောက်ကျလို့ ( As Usual  ... :) )
12. Something you'd shout : ညီညီ ရူးချင်လာပြီနော်. ( အားပြဲနှင့် အသံကုန်အော်သည်. :P .)
13. A movie title :  ညီညီ နှင့် မချောသုံးယောက်  :: :) ( 2025 မှာ ရုံတင်မယ့် ကမ္ဘာအဆင့်မှီ
                            မျက်ရည် ပိုးပိုးပေါက်ပေါက်ကျအောင် ကောင်းတဲ့ Drama ကားအသစ်ကြီးပါ.  ::))
14. Something you drink :  ညီညီ သောက်နေကျ Pokka Cappuccino

                                       
15. A musical group :  ညီပုလေးနှင့်အဖွဲ့ ( အလဲ့. ဟုတ်နေတာပဲ)
16. An animal: ညီညီ ရဲ့ အိမ်ကခွေးကလေး ဂျက်ကီ ( အခုတော့ သေသွားပြီ . :( )
17. A street name : ညီညီ လာနေကျလမ်း ( ကြုံမှတင်ပေးမယ် ဓါတ်ပုံနော်. အခုတော့ အမြန် အပြတ်ဖြတ်လိုက်ဦးမယ် တော်ကြာရူးသွားလိမ့်မယ်. )
18. A type of car : ညီညီ စီးနေကျကား
19. The title of a song : ညီညီဆိုနေကျ အသီချင်းခေါင်းစဉ်
20. A verb : ညီညီ ရူးသွားပါသည်။

မမိုးခါးရေ . ရွာသာကြီးကားလက်မှတ်ပါ တစ်ခါတည်းထည့်ပေးခဲ့တာမဟုတ်ဘူး . ဟွန်း . 2  နာရီတောင်ထိုးတော့မယ်. မနက်မထ နိုင်လို့ ရုံးနောက်ကျလို့ သူဌေး ဆူရင် တော့လား. သိမယ်.

ကဲကျွန်တော်ရူးပြီးရင်. တစ်ယောက်တည်း ရွာသာကြီးသွားရမှာ ပျော်စရာမကောင်းဘူးဗျ . အဖေါ် ခေါ်သွားမယ်နော်.   ကိုစန်းဝင်း(ကျောက်ပန်းတောင်း)  နဲ့ ဆောင်းနှင်းရွက်(သဲသဲ) ကိုခေါ်မလို့သွားကြည့်တဲ့အချိန်မှာ ဆောင်းနှင်းရွက်က သံလွင်ဟီးရိုး တဂ် ထားပြီးသားဖြစ်တဲ့အတွက်. ကံဆိုးသူ မောင်ရှင် ကိုစန်းဝင်း(ကျောက်ပန်းတောင်း) ကျွန်တော်နဲ့အတူ ရွာသာကြီး လိုက်ခဲ့ဘို့ ဖိတ်ခေါ်အပ်ပါတယ်. တစ်နယ်တည်းသားတွေးပဲ နော့.

အခုလို ရူးကြောင်ကြောင် ဖြစ်သွားအောင် တဂ်ပေးတဲ့ မမိုးခါးကို ကျေးဇူးတင်ပါကြောင်း. ပြောချင်ပါတယ်ခင်ဗျာ.

ညီညီ( အနာဂါတ်သံစဉ်)


07 October, 2009

သီတင်းကျွတ်ပြီ

              ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အတွက် အနှိုင်းမဲ့ ကျေးဇူးတော်ရှင် တန်ခိုးတော်ရှင် ဗုဒ္ဓမြတ်စွာဘုရားရှင် သည် အလွန်ထူးခြားပြီးနက်နဲလှစွာသော အဘိဓမ္မာတရားတော် (၇)ကျမ်းကို တာဝတိံ္တသာ နတ်ပြည်မှာ ၀ါတွင်းသုံးလလုံး တရားတော်များကို ဟောကြားတော်မူပြီး လူ့ပြည်ကို ဆင်းသက်လာသောနေ့သည် ယနေ့ သီတင်းကျွတ်လပြည့်နေ့ပဲဖြစ်ပါတယ်။ ထို့ကြောင့် ယနေ့ သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် တို့အတွက် နေ့ထူးနေ့မြတ် တစ်ရက် အဖြစ်သတ်မှတ်ထားပြီး နှစ်စဉ်နှစ်တိုင်း ဤနေ့ ရောက်လျှင် မြတ်စွာဘုရားရှင်အား ကြိုဆိုသောအားဖြင့် ဆီမီးများထိန်ထိန်ညီအောင်ထွန်း၍ ကြိုဆိုကြပါသည်။ ကျွန်တော်တို့လို ရေခြားမြေခြားရောက်နေသော မြန်မာအများစုလည်း လုပ်နိုင်သောအခွင့်အလမ်းတစ်ရပ်လည်းဖြစ်ပါသည်။ ဆီမီး ပူဇော်ခြင်းမှာ အလွန်လွယ်ကူ၍ နေရာဒေသမရွေး လုပ်ဆောင်နိုင်ပေသော်ငြားလည်း တစ်ချို့သော တရားဓမ္မ နှင့်ဝေးကွာနေသော၊ လောဘ ဒေါသ မောဟ တည်းဟူသော မြူများ ဖုံးလွှမ်းနေသူတို့သာလျှင် မေ့လျော့ကောင်းလျော့မည်ဟုထင်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က ဤနေ့သို့ရောက်လျင် အိမ်ရှိလူကြီးတစ်ယောက်ယောက်က မမေ့မလျော့ပဲ ညအချိန်တွင် ဆီမီးများထွန်းနိုင်ရန် ကြိုတင်ပြင်ဆင်ပေးထားပါသည်။ ကျွန်တော်တို့ကလေးများမှာတော့ မီးထွန်းရင် ဆော့ချင်စိတ်ကသာ ပို၍သာမည်ထင်ပါသည်။ ယခု အသက်အရွယ်ရလာ၍ အသိတရားများနှင့် လူ့လောက တစ်ထောင့်တစ်နေရာတွင် လှုပ်ရှားရုန်းကန် နေနိုင်သောအချိန်အခါတွင်လည်း ကိုယ့်မြေကိုယ့်ရေ မဟုတ်သည့်တိုင်အောင် ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာ၏ ထုံးတမ်းစဉ်လာများဖြစ်သော ဘာသာရေးပွဲတော်များကို တတ်စွမ်းနိုင်သလောက် ပါဝင်ချင်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ဤနေ့ဤရက် သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း ကုသိုလ်ကောင်းမှု့များ ကိုလုပ်၍ ဥပုဒ်သီတင်းသီလ စောင့်နိုင်သောသူ၊ ဥပုဒ်စောင့်နိုင်ရန် အခွင့်အရေးပေးသူများက စောင့်ကြ၍ မိမိစိတ်ကို ဖြူစင်ကြယ်အောင်ကြိုးစားအားထုတ်ကြပါသည်။ ဥပုဒ်သီလ မစောင့်နိုင်သော အခြေအနေမပေးသောသူများအနေနှင့်လည်း ဗုဒ္ဓဘုရားရှင်၏ တရားတော်များနှင့် အဆိုအဆုံးမများအား မမေ့မလျှော့သောအားဖြင့် မြတ်စွာဘုရားရှင်လူ့ပြည်သို့ ပြန်လည်ကြွမြန်းလာသောအချိန်အား ကြိုဆိုသောအားဖြင့် ဆီမီးများနှင့် ပူဇော်နိုင်ကြရန် သတိပေးနိုးဆော်အပ်ပါသည်။

         ဤသီတင်းကျွတ်လပြည့်နေ့သည် နောက်တစ်နည်းအားဖြင့် ၀ါးတွင်းကာလ ကိုလွန်မြောက်သော နေ့လည်းဖြစ်ပါသည်။ မြန်မာလူမျိုးများ၏ ထုံးတမ်စဉ်လာရ ၀ါတွင်းကာလတွင် လက်ထပ်ထိမ်းမြားခြင်း ပြုလုပ်နိုင်ခွင့်မရှိပါ။ ၀ါတွင်းကာလကိုကျော်လွန်ပြီး သီတင်းကျွတ်မှသာ လက်ထပ်ထိမ်းမြားခြင်းများ ပြုလုပ်ကြပါသည်။ ထို့ကြောင့်ဝါတွင်းကာလကျော်လွန်အောင်စောင့်မျှော်နေကြသော လက်ထပ်ရန် ရည်ရွယ်ထားကြသော ချစ်သူစုံတွဲများလည်း ပျော်ရွှင်သော၊ သာယာသော ကျက်သရေအပေါင်းနှင့်ပြီးပြည့်စုံသော နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်နေ့ လေးဖြစ်ပါစေလို့ သူငယ်ချင်းအပေါင်းအသင်းများနှင့်မိတ်ဆွေ များအား ဆုတောင်းရင်း ဒီပို့စ်လေးကို တင်လိုက်ပါသည်။











28 September, 2009

Building Your World - 3D Visualization with Auto CAD 2009 Architectural














Auto CAD 2009 Architectural Version မှာပါတဲ့  မူးရင်း 3D Visualization စာအုပ်လေးပါ။ အတော်လေးရှင်းလင်းပြီး နားလည်လွယ်အောင်ရှင်းပြထားပါတယ်။စာအုပ်ထဲမှာညွှန်းထားတဲ့ .dwg ဖိုင်တွေကတော့ တင်ဘို့အခက်အခဲရှိနေပါသည်။
စာအုပ်လေးကိုတော့ ဒီနေရာတွင်ဒေါင်းလို့ရပါသည်။

စာဖက်သူများအဆင်ပြေကြပါစေ။









26 September, 2009

သံစဉ်(၁)

အချစ်သံစဉ် ချိုပေမဲ့ ဘ၀သံစဉ် နင်ခါးမှာစိုးလို့ပါ.
နင်ပြန်မလာတော့တဲ့ ဒီလမ်းမှာ နင်လာရာလမ်းငါမျှော်မှန်းနေမိတယ်.
နင်မကြားနိုင်မှန်းသိနေလည်း ငါပြောနေမိတယ်.
နင်မရှိတဲ့  ဒီနေရာကို ငါမုန်းတယ်.

အတူလျှောက်ခဲ့တဲ့လမ်းက ဆူးတွေများခဲ့ပေမဲ့ ငါ့ကိုမနာကျင်စေခဲ့ပါဘူးဟာ
နင်ချန်ထားခဲ့တဲ့ ကိုယ်ငွေ့လေးတွေက ငါ့ကိုအမြဲလန်းဆန်းစေခဲ့တယ်.
နင့်အတွက်ရယ်ရွယ်ထားတဲ့ ကဗျာတစ်ပုဒ် အဆုံးသတ်ဘို့မဖြစ်နိုင်တော့ဘူး.
ပိုင်ရှင်မရှိတဲ့ ကဗျာအတွက် ကဗျာတစ်ပုဒ်ဖြစ်မလာတာကောင်းပါတယ်.

နင်မသိနိုင်မှန်းသိရက်နဲ့ ငါ့သစ္စာငါပေးပါတယ်.
ပိုင်ဆိုင်ခွင့်မရနိုင်ပေမဲ့ ငါတန်ဘိုးထားနေဆဲပါ.
တစ်ဘ၀လုံးစာ ပေးခဲ့တဲ့ငါ့အချစ်တွေက.
နောက်လူဆိုတာ အတွက်မကျန်ခဲ့တော့ဘူး.
ငါ့အနားမှာမရှိတော့တဲ့ နင့်အတွက်.
ငါအမြဲပြောတဲ့စကား တစ်ခွန်း
နင်ယူသွားပါ တစ်သက်စာအတွက်.
"ဟန်နီ .. ငါနင့်ကို အရမ်းချစ်တယ်......."








22 September, 2009

စင်ကာပူရောက် ကျောက်ပန်းတောင်းအသင်းသား များတွေ့ဆုံခြင်း (20/09/2009)



 အမှတ်တရ ။
ဝဲမှယာ - ကိုဆန်းဝင်း၊ ကိုညီညီကျော်၊ ကိုကျော်နိုင်ထွန်း၊ ကိုအောင်မျိုးမင်း။




  ကျွန်တော်တို့ရဲ့ အစည်းဝေး ခန်းမပါ . ဟဲ ရေလည်ခန်းနားလှပါတယ် . :p

လွန်ခဲ့သောအပါတ် (13/09/2009) နေ့တွင် ကျွန်တော်တို့ကျောက်ပန်းတောင်းအသင်း ဆိုဒ်မှ အသင်းဝင် တစ်ယောက်ဖြစ်သော ကိုစန်းဝင်း ဖုန်းဆက်လာပါတယ်။ နောက်တစ်ပါတ် စနေ သို့မဟုတ် တနင်္ဂနွေနေ့တွင် ဆိုဒ် ထဲမှ လူများ အပြင်မှာတွေ့ဆုံ ရန်ရှိကြောင်း အကြောင်းကြားလာပါသည်။
အမှန်သော် ကျွန်တော် နှင့် ကိုစန်းဝင်းမှာ ဒီ ကျွန်တော်တို့ရဲ့ ကျောက်ပန်းတောင်းအသင်း ဆိုဒ် လေးမှာပင် ခင်မင်ရင်းနှီး ခဲ့ကြခြင်းဖြစ်ပါသည်။ ယခု အခါ ကျန်သောအသင်းသား ကိုယ့် မြို့မှ လူများ နှင့်လည်း တွေ့ရမည် ဆိုသောကြောင့် ကျွန်တော် မဖြစ်မနေသွားတွေ့ရန် စိတ်ဖြတ်ခဲ့ပါသည်။
ဘယ်သူတွေပါမလဲ ဟုလည်း အတွန့်တက်မေးမိပါသေးသည်။ ကိုစန်းဝင်းပြောပြချက်အရ ကိုအောင်မျိုးမင်းနှင့် ကိုကျော်နိုင်ထွန်းတို့လာမည်ဖြစ်ကြောင်းသိခဲ့ရပါသည်။ ထိုအချိန်ထိ ကျွန်တော် သူတို့ကိုဘယ်သူဘယ်ဝါမသိသေးပါ။ ကိုယ့်မြို့နယ်သားများဖြစ်သည်သာသိရှိရသည်။ အသေအချာ သိရလျှင် ဖုန်းဆက်၍ အသိပေးရန် ပြောပြီး ဖုန်းချလိုက်ကြလိုက်ပါသည်။
ဤသို့ နှင့် (19/09/2009) စနေနေ့တွင် ကိုစန်းဝင်း၏ မက်ဆေ့ကို လက်ခံရရှိခဲ့ပါသည်။ နောက်နေ့တနင်္ဂနွေနေ့ နေ့လည် (၂) နာရီတွင် ကျွန်တော်တို့၏ ရွှေ မြန်မာ တို့ ဆုံရပ်ဖြစ်သော ပင်နီစူလာ ပလာဇာ တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်းသတင်း ရရှိလာ၍ လာရောက် မည်ဖြစ်ကြောင်းကို ကိုစန်းဝင်းအား အကြောင်းပြန်ခဲ့ပါသည်။
ဤနေရာတွင် တစ်ခုပြောချင်တာ ရှိပါသည်။ ကျွန်တော် တို့တတွေ သည် မိခင်မြေကို ခွဲခွါ ပြီး သူများတိုင်းပြည်တွင် လာရောက်၍ ရေကြည်ရာ မြတ်နုရာ သို့ဘ၀ အခြေနေအမျိုးအမျိုးအလျှောက် လာရောက် နေထိုင်နေကြရပါသည်။ ဤ တွင် ကျွန်တော်တို့ အနေနဲ့ ကိုယ့်မြေကိုယ့်ရေ ကိုယ့်အိမ်ယာ မဟုတ်သည့် အပြင် ကိုယ့်မိဘ ကိုယ့်မိသားစုများနှင့်ဝေးနေကြပြီး တစ်ကိုယ်တည်းနေ ကိုယ့် ခြေထောက်ပေါ်ကိုရပ်နေကြသောသူများ အများစု ဖြစ်ပါသည်။ ချွင်းချက် အနေနဲ့ မိဘ များလက်ထက်ကတည်းက ဒီမြေဒီရေကို ရောက်ပြီး အဆင်ပြေနေကြသော မိသားစု များတွင် တော့ ဤသို့ အခက်အခဲ များ ကိုရှောင်လွှဲ၍ ရကောင်းရပါလိမ့်မည်။ ကျွန်တော်တို့ တစ်ကိုယ်တည်း သမားများ အနေနဲ့ မှာတော့ weekdays များတွင်မှာတော့ ရုံးသွားရုံပြန်နဲ့တင် တစ်နေ့တာ အချိန်ကုန်ရပါသည်။ ရုံးတက်ရက်များ တွင် စုပြုံထားသော အလုပ်များကို weekend တွင်မှ အကြွေးရှင်းစနစ်ဖြင့် အကုန်သိမ်းကြုံး လုပ်ရပါတော့သည်။ သို့မှသာ နောက်တစ်ပါတ်ရုံးတက်ရက်များအတွက် အားလုံး အဆင်ပြေနိုင်ပါသည်။ ထို့ကြောင့် တနင်္ဂနွေနေ့တွင် အေးအေးဆေးဆေး တွေ့နိုင်ရန် စနေနေ့တွင် လုပ်စရာ ရှိသော အလုပ်များအား အပြီး လုပ်နိုင်ရန် မနက်စောစောထ (စောစော=10 နာရီ ..:) )ပြီးလျှော် စရာ အ၀တ်များကို စက်ထဲ ပစ်ထည့်ဆပ်ပြာ ထည့်ပြီ အမြန်ဆုံး နည်း Quick ကိုရွေး ပြီး အ၀တ်လျှော်ခြင်း အလုပ်ကိုအစပျိုးလိုက်သည်။ နောက်ခြေစွပ်များကို တစ်နေရစီမှလိုက်ကောက်ရသည်။ တစ်ပါတ်စာအတွက် ၀တ်ထားသမျှ လိုက်စုရသည်။ အကြောင်းမှာ ကျွန်တော့်အစ်ကို ဖြစ်သူမှာ အလုပ်တစ်ဖက်ကျောင်းတစ်ဖက်နှင့် မို့အလုပ်အလွန်ရှုပ်သူဖြစ်သည်။ သူသည် ME ကို Part time အနေနှင့် (NUS) တွင်တက်ပြီး အလုပ်ကို Full Time လုပ်နေခြင်းဖြစ်ပါသည်။
ထို့အတွက် ခြေစွပ်ကိုလည်း အပြင်မှ အလုပ်မှ ကျောင်းမှပြန်လာလျှင် အရေးကြီးလျှင် ကြီးသလို ဖိနပ်စင်နားရှိ ခြေစွပ်ထားသောနေရာတွင်မချွတ်နိုင်ပဲ ကုတင်နားထိပါလာတတ်သောကြောင့် သူ့ကုတင်နားတွင်တစ်ပုံရှိတတ်ပါသည်။ ဤသည်မှာ စာရေးသူဤ အစ်ကိုအရင်းဖြစ်သူနှင့်သူကဲ့သို့ ဤ အလုပ်နှစ်ခုကိုတစ်ပြိုင်တည်း လုပ်တတ်သောအကျင့်နှင့်
လုပ်ငန်းဇော ကြီးသူတို့တွင်တွေ့ရတတ်သောအကျင့် လေးများဖြစ်မည်ဟုလည်းထင်မိပါသည်။ အင်း . ပြောရင်းနှင့်လိုရင်း မရောက်နိုင်ဖြစ်သွားပါသည် ...:)။ လိုရင်းပြောရရင်ဖြင့် တနင်္ဂနွေနေ့ တွင် တွေ့နိုင်ရန်အတွက် အလုပ်များကို စနေနေ့တွင်ပြီးစီးအောင် လုပ်လိုက်ရပါသည်။
ဤသို့နှင့် တနင်္ဂနွေ မနက်တွင် အိပ်ယာမှ စောစော (9 နာရီ ..:)) ထပြီး ကမန်းကတန်းမျက်နှာသစ်ရေချိုးပြီး အစ်မဖြစ်သူ(မရီးလောင်းတော်သူ) ကြော်ထားသော ထမင်းကြော်နှင့်လ္ဘက်သုတ် စား၍ ဈေးကို ကမန်းကတန်းသွား တစ်ပါတ်စာဝယ်ရသေးသည်။ ဒီထက်သာစောစောထနိုင်လျှင် စာရေးသူတို့နေထိုင်ရာနှင့် မနီးမဝေး တွင်ရှိသော IMM အမည်ရှိ စင်ကာပူတွင် အကြီးဆုံး စူပါ မတ် တွင်သွား၍ Discount နှင့်ကြက်သားများ ကြက်ဥ များကို ၀ယ်နိုင်ဘို့အချိန်ရနိုင်ပါသည်။
အခုတော့မတတ်နိုင်ပါ အနီးနားရှိ Wet market သို့သာအပြေးအလွှား သွားလိုက်ရသည်။ ဈေးကပြန်ရောက်တော့ 10:30 ပြီးပြီဖြစ်သဖြင့် ဗိုက်ကဆာလာသည်။ သို့သော် မရီးလောင်းက ဟင်းချက်နေ၍ ဈေးမှပါလာသော အသားများ ငါးများကိုကိုင်တွယ် ဆားနယ်ပြီး ရေခဲသေတ္တာ ထဲသို့ ဗူးများနှင့် ထည့်ထားလိုက်သည်။ အားလုံးပြီးတော့ အစ်မဟင်းအကျက်နှင့် ထမင်းစားပြီးချိန်တွင် 12 ထိုးခါ နီးနေပါပြီ။ ထို့ကြောင့် 12 အတိ တွင် တက်လာမည့် မြန်မာပြည်မှ ကျွန်တော့် အချစ်ဆုံးလေးအား စောင့်နေရင်း အွန်လိုင်းဖွင့်ထား၍ ကွန်ပျူတာရှေ့မှာပဲခန အင်တာနက်သုံးလိုက်ပါသေးသည်။ 12 ထိုးပြီး 5 မိနစ်လောက်နေတော့ သူလေးတက်လာပါသည် မီးအနီပြ၍ ကျွန်တော်လည်း မီးအနီး လည်းမရှောင်နိုင်ပါ အတင်းဇွတ်ပြောတော့သည်။ ထမင်းစားခဲ့ပြီလား၊ ဘာဟင်းလဲ ဒီနေ့ ကျောက်ပန်းတောင်းကအစ်ကိုတွေနဲ့ ချိန်းထားတယ် သွားစရာရှိတယ် စသည်ဖြင့် ပေါ့ ကျန်တဲ့ စကားများအား ဆင်ဆာ အဖွဲ့မှဖြတ်တောက်ထားသဖြင့် မဖေါ် ပြနိုင်တော့ပါ . တိန်. ..:) ။ ဤသို့နှင့် 1 နာရီထိုးခါနီး 2 မိနစ်အလိုတွင် "သွားရတော့မယ် အချစ်ရယ်" လို့သီချင်းလေးနဲ့နှုတ်ဆက်နေတုန်း ကျွန်တော်၏ ချစ်လှစွာသော အစ်ကိုတော်မှ မင်းစီးတီးဟောသွားမှာလားလာမေး၍ သူ့သူငယ်ချင်းတစ်ယောက် ဆီမှ စာအုပ်ငှားထားကြောင်း သူလည်းယခု စီးတီးဟောသို့သွားနေကြောင်း ဟိုရောက်ရင် သူ့သူငယ်ချင်းနဲ့တွေ့ပြီး စာအုပ်ယူခဲ့ဘို့ သူ့ထုံးစံအတိုင်း နောက်ထပ်အလုပ်တစ်ခု ကိုထည့်ပေးလိုက်ပါသေးသည်။ ဤသို့နှင့် ကျွန်တော့်ရဲ့ပန်းသီးလေးအား သွားရတော့မည်ဖြစ်ကြောင်းပြောပြီး မပြတ်နိုင်သော အမျှင်တန်းများအား နဂါးနိုင်ဓါးနဲ့ အတင်းဖြတ်၍ ထွက်လာရပါသည်။ အွန်လိုင်းမှဆင်းခါနီး အချစ်ဆုံးလေးမှမှာကြားလိုက်သော ဟိုရောက်ရင် ဘယ်ဟာမကြည့်ရ ဘယ်ဟာမလုပ်ရစသည် များကိုလည်း ခလုပ်တိုက်ရင်တောင်မမေ့စေရန် တစ်ခေါက် အိမ်ကမထွက် ခင်အလွတ်ရွတ်ကြည့်လိုက်ပါသေးသည်။ အဲဒါနဲ့ 1 နာရီထိုးပြီး 10 မိနစ်လောက်မှာ အိမ်က ထွက်ခဲ့ပါတယ်။ အိမ်ကနေ Chinese Garden MRT က်ု ဆယ်မိနစ် ခန့်လျှောက်မှရောက်ပါတယ်။ ရထားစောင့်တာနဲ့ City Hall ကို 2 နာရီ ထိုးဘို့ 5 မိနစ် အလိုမှာရောက်ခဲ့ပါတယ်။ ၃ထပ်အရောက်မှာ ကိုစန်းဝင်းဆီကိုဖုန်းဆက်လိုက်တယ်.. ဟဲလို ကိုစန်းဝင်း လားပေါ့. ကျွန်တော်ရောက်နေပါပြီပေါ့ အစ်ကိုဘယ်မှာလည်း ဆိုတော့.. ညီလေးတဲ့ အစ်ကို လေးလွှာက သုခကွန်ပျုတာဆိုင်မှာရှိတယ်တဲ့ ကျန်တဲ့ အစ်ကိုနှစ်ယောက်မရောက်သေးဘူးလို့ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်ခနနေရင်တက်ခဲ့မယ်လို့ပြောပြီး နောက်ထပ်တွေ့ရမဲ့အစ်ကိုတစ်ယောက်ဆီ ဆက်လိုက်တယ်။ ဟဲလို အစ်ကို ကျွန်တော်ရောက်ပြီ ဘယ်လာယူလို့ရမလဲဆိုတော့ သူ Basement က Oriental House မှာပါတဲ့ အဲဒါနဲ့ သုံးလွှာကနေ Basement ကိုပြန်သွား ပြီးဆရာသမားကို လိုက်ရှာတော့ သူတို့က ဧရာဝတီ ဆိုင်ဘက်အခြမ်း ချောင်မှာ နေရာယူပြီး ထိုင်နေတာ တွေ့လိုက်လို့ သွားတွေ့တော့ တစ်ယောက်တည်းမဟုတ်ပါခင်ဗျာ။ ကိုထွန်းနေအောင်(ကျောက်ပန်းတောင်းသားပါပဲ)အပြင် နောက်တစ်ယောက် ကျောင်းပန်းတောင်းသား ကိုလင်းလင်း(လင်းမြတ်သူ)ရော နောက်ထပ် ကိုထွန်းနေအောင်ရဲ့ စီနီယာ အစ်ကိုတစ်ယောက်ရယ် သုံးယောက်ပေါင်းလောင်းကျော်နေကြပါပြီ။ အတော်လေး ရေချိန်ကိုက်နေပြီ ထင်ပါတယ်။ ကျွန်တော့်ကိုရီဝေေ၀ မျက်လုံးတွေနဲ့ကြည့်ပြီး တစ်ယောက်တစ်ခွန်းပြောကြပါတယ်. ကျွန်တော်လည်း ဒီကိုကျောက်ပန်းတောင်းအသင်းကအသိ အစ်ကိုတွေနဲ့ လာတွေ့တယ်လို့ ပြောခဲ့ပါသေးတယ်။ ကိုလင်းလင်း ကလည်း သူလည်းအသင်းဝင်ထားကြောင်း Password မေ့သွား၍ မ၀င်ဖြစ်တော့တာကြာပြီဖြစ်ကြောင်းပြောပါသေးတယ်. ကောင်းလေ၏ ပေါ့။ အဲဒါနဲ့ ဟိုပြောဒီပြောနဲ့ ကိုထွန်းနေအောင်ကနေ ရီဝေေ၀ မျက်လုံးနဲ့ ကိုလင်းလင်းနဲ့
ကျွန်တော့်ကိုကြည့်ပြီး ကျောက်ပန်းတောင်းသားတွေက တစ်ကယ်ချောတာပဲတဲ့.(သူလည်းကျောက်ပန်းတောင်းသားပါပဲ ဒါပေမဲ့သူက ဆည်ပေါက်သားပါ) . အဲလိုပြောတော့ ကိုလင်းလင်း က အလူးအလဲထောက်ခံပါတယ်ခင်ဗျာ. ဟုတ်တယ်ကွတဲ့ ဒါပေမယ့် ဆည်ပေါက်သားလောက်တော့ စော်မကြည်ပါဘူးကွာတဲ့. အဲလိုလဲပြောရော ကိုထွန်းနေအောင်က မဆီမဆိုင် ငါ့ရဲ့မိန်းမနောက်ထပ်ကိုယ်ဝန်ကို အင်ထရာဆောင်းရိုက်တာ မိန်းခလေးပဲတဲ့ကွလို့ မဆီမဆိုင်လာကြွားလို့ တောင်ကျွန်တော် ကွန်ဂရက်ကျူလေးရှင်းပါ ပြောခဲ့ပါသေးတယ်။ တအောင့်လောက်ခနထပ်ပြီးစကားတွေဟိုပြောဒီပြောနဲ့သူတို့ကိုကြည့်ရတာလဲ ကျွန်တော်တောင်ရီဝေေ၀ဖြစ်လာတာနဲ့ စာအုပ်ယူပြီး အားလုံးကိုနှုတ်ဆက်လို့ ထွက်လာခဲ့တယ်။
အဲဒါနဲ့ လေးလွှာက သုခ ကိုလိုက်ရှာရသေးတယ် ပင်နီစူလာ ပလာဇာကို အဲလိုကျွမ်းတာပါ.ရောက်တာ တစ်နှစ်တိတိ ပြည့်ပါပြီ. အဲဒီနေ့ကမှတစ်နှစ်ပြည့်တဲ့နေ့ပါ။ တစ်နှစ်တိတိပြည့်တဲ့နေ့မှန်းသတိမထားမိပါဘူး အားလုံးဆုံပြီးစကားတွေပြောရင်းနဲ့မှ ကိုကျော်နိုင်ထွန်းက အဲဒါဆိုမင်းဒီနေ့ပဲတစ်နေ့ပြည့်တာပေါ့ လို့ပြောမှ ကျွန်တော်သတိထားမိတာပါ။ ကျေးဇူးပဲ ကိုကျော်နိုင်ထွန်းရေ ဟဲ.ဘာမှတော့ မကျွေးလိုက်နိုင်ဘူးဗျ. အားနာစရာပဲ ..:) ။ ဒီလိုနဲ့သုခ ဆိုင်လဲရောက်ရော ကိုစန်းဝင်းကို လိုက်ရှာတယ်. မတွေ့ဘူးဗျ အသေအချာရှာပါတယ် ဆိုင်ကနည်းနည်းကျဉ်းပြီး အားလုံးကိုမြင်နေရတာပဲ သေချာတယ်မရှိဘူးပေါ့ ဒီလူဘယ်သွားလဲမသိဘူး
လို့စဉ်းစားရင်းမှ အာ ငါမှ ကိုစန်းဝင်းကိုမမြင်ဘူးပဲ ဘယ်လိုလုပ်တွေ့မလဲ ဟုတ်သားပဲ. အဲဒီမှ ရွှေဥာဏ်တော်ကိုနည်းနည်းကွန့်မြူးလိုက်တယ် အိုခေ ဖြစ်နိုင်ခြေရှိတဲ့ သူကိုရမ်းမေးလိုက်မယ်ပေါ့. စဉ်းစားပြီမှ အကြံတစ်ခုရလာပါတယ်. ဖုန်းဆက်လိုက်ရင် ပိုကောင်းမယ်ပေါ့ အဲဒါနဲ့ ဖုန်းဆက်လိုက်တော့ လေးခုံမြောက်ကစက်က ခပ်ချောချော အသားဖြူဖြူ အစ်ကိုတစ်ယောက် ဖုန်းကောက်ကိုင်တာမြင်လိုက်ရတယ် သူလဲရိပ်မိလို့ထင်ပါတယ် ကျွန်တော့်ဘက်လှည့်ကြည့်တယ် အဲဒီတော့မှ အစ်ကိုက ကိုစန်းဝင်းလား ခင်ဗျလို့ မရဲတစ်ရဲမေးလိုက်မှ အေးတဲ့ ညီညီ မဟုတ်လားကွတဲ့ ။ဟုတ်ကဲ့ ကျွန်တော် ညီညီ ပါခင်ဗျ လို့
လက်ဆွဲ နှုတ်ဆက်ခဲ့ကြပါတယ်။ အဲတော့မှ အသေအချာကြည့်တော့ ငါ ကိုရီးယား မင်းသားဂျွန်စောနဲ့များ မှားပြီးနှုတ်ဆက်မိလားပေါ့ ...:P (သူကျွေးတဲ့ အကြော် စားခဲ့တာဆိုတော့ ...:) )။ အဲဒါနဲ့နှစ်ယောက်သား လ္ဘက်ရည်သောက်ကြမယ်ဆိုပြီးတော့ ရဲရင့် လ္ဘက်ရည်ဆိုင်ဆီ ထွက်ခဲ့ကြတယ်။ ဟိုရောက်တော့ ထိုင်စရာခုံလိုက်ရှာတယ် တနင်္ဂနွေနေ့ ဆိုတော့ လူကအပြည့်ပါ ထိုင်စရာနေရာမတွေ့တာနဲ့ပဲ Basement မှာတစ်ဆိုင်ရှိတယ်ဆိုပြီးသိသလိုနဲ့ခေါ်သွားလိုက်တယ် မန္တလာ ကိုသွားတာပါ ရှာတော့ ဆိုင်ကမရှိတော့ပါဘူး ဘယ်ပြောင်းသွားလဲမသိဘူး။ ရနံ့သစ်ဆိုင်က ထပ်ချဲ့ထားတာတွေ့လိုက်ရတယ်။ ဘယ်လောက်တောင် မရောက်ဖြစ်လဲဆိုတာ ဘာမှကိုမသိဘူး။ အဲဒါနဲ့ လူကြီးကို ဒီလိုလျှောက်ပါတ်ခေါ်နေလို့ မဖြစ်ပါဘူးလေဆိုပြီး နောက်အ၀င်ပေါက်နဲ့ တည့်တည့်က ဆိုင်မှာ နံမည်က ဘာပါလိမ့် မမှတ်မိတော့ဘူး။ အဲဒီဆိုင်မှာပဲ လ္ဘက်ရည် ရလားမေးလိုက်တယ် . ဆိုင်ရှင် တန်တီတစ်ယောက်က အာ ရတယ် ရတယ်တဲ့ အရမ်းကောင်းတယ်တဲ့ ဘယ်နှစ်ခွက် လဲတဲ့ အဲလိုမေးတာကို ကျွန်တော်ကလည်း အူကြောင်ကြောင်ရယ် ရတယ်ဆိုတဲ့ လ္ဘက်ရည်က ရေနွေးကြမ်းကို ပြောတာလား ဖျော်ထားတဲ့ လ္ဘက်ရည်ကိုပြောတာလားလို့ ထပ်မေးလိုက်ပါသေးတယ်. ဆိုင်ရှင် အန်တီကလည်း ကျွန်တော့်ရဲ့အူကြောင်ကြောင်အမေးကို ပြန်ဖြေပါတယ် ဖျော်ထားတဲ့ဟာလေတဲ့ သောက်လို့အရမ်းကောင်းတယ်လေတဲ့။ ကျွန်တော်လည်း မေးပြီးမှ အတော်ရယ်ချင်သွားတယ် ကိုယ့်ကိုကိုယ်ပါ။ ဒါပေမယ့် တစ်ခုရှိတာက ပင်နီစူလာက စားသောက်ဆိုင်တွေမှာက ရေနွေးကြမ်းကို သပ်သပ် ၀ယ်သောက်ရတာပါ။ အဲဒါကြောင့်လဲပါပါတယ်( သတင်းစာ ရှင်းလင်းရေးလုပ်ပေးတာပါ)။
အဲဒါနဲ့ လ္ဘက်ရည်တစ်ယောက်တစ်ခွက်စီမှာလိုက်တယ် ပြီးတော့ ကျွန်တော်ကခုံမှာထိုင်နေတုန်း ကိုစန်းဝင်းက အကြော်သွားမှာမယ်ဆိုပြီး ထထွက်သားတယ်။ သူမှာပြီးပြန်လာတော့ လ္ဘက်ရည်ကလည်းလာချတော့  ပိုက်ဆံသူပေးမယ် ငါပေးမယ်နဲ့ ကျွန်တော်က 50 ဆယ်တန်ထုတ်ပေးတယ် ပိုက်ဆံရှင်းတဲ့ဆရာက အနုတ်မရှိဘူးလားမေးတယ်. ဘယ်လောက်လဲဆိုတော့ 2 ကျပ်ဆိုလို့ ရှိတဲ့ တစ်ရွက်တည်းသော နှစ်ကျပ်တန် ထုတ်ပေးလိုက်တယ်။ ကျွန်တော်တစ်ကယ်မသိတာပါ လ္ဘက်ရည်တစ်ခွက် ဘယ်လောက်ဆိုတာ. အဲဂလို အသောက်များတာ ပြောပါတယ်. ကျွန်တော်လိုလူမျိုးကြည့်ဆို စင်ကာပူက မြန်မာဆိုင်တွေ စီးပွါးရေးကပ်ဆိုက်လောက်ပါပြီ။ ဒါနဲ့ အကြော်လည်းလာရော ပိုက်ဆံလုရှင်းကြပြန်ပါတယ် နှစ်ယောက်သား 50 ဆယ်တန်ကြီးတွေနဲ့ တကားကားနဲ့ ကျွန်တော်ပေးမယ် သူပေးမယ်နဲ့ ပေါ့။
ပိုက်ဆံရှင်းတဲ့ ဆရာက ဂျွန်စောနဲ့တူတဲ့ ကိုစန်းဝင်းဆီက ယူသွားပါတယ်။ (၅)ကျပ်ပြောင်သွားတယ် ကိုစန်းဝင်း ကျေးဇူးတင်ပါတယ် လို့ နောက်လဲကျွေးနိုင်ပါစေ .. ဟဲ :) ။ အဲဒါနဲ့စကားပြောရင်း ကျန်တဲ့ အစ်ကို နှစ်ယောက် ကိုစောင့်ရင်း စကားကောင်းလာတယ်။ ကိုစန်းဝင်းက ပြောတယ် အရင်တစ်ခါ သူနဲ့ ကိုအောင်မျိုးမင်းနဲ့ တစ်ကြိမ် တွေ့တုန်းက ဘီယာဘယ်မှာ သောက်တယ်ဆိုတာ ..:p ။ အဲဒါနဲ့ ငယ်ငယ်ကအကြောင်း ဆယ်တန်းတုန်းက ဆရာတွေ အကြောင်းပြောရင်းနဲ့ ခနကြာတော့ ထောင်ထောင်မောင်းမောင်းနဲ့ မျက်နှာရွှင်ရွှင် နဲ့ ခပ်ချောချော အစ်ကိုတစ်ယောက်ဝင်လာပြီး ဟာ မောင်စန်းဝင်း လူုတောင်မှားလို့ပါ့လားဆိုပြီးဝင်လာပါတယ် . အဲတော့မှ ကိုစန်းဝင်းက ဟာ ကိုအောင်မျိုးမင်းလာဗျာ ဆိုပြီ အညာလေသံနဲ့ ခေါ်လိုက်တယ်။ အဲတော့မှ ကိုအောင်မျိုးမင်းမှန်း သိတာပါ။
ထင်တော့ထင်ပါတယ် ခပ်ချောချော ဆိုတော့ ကျွန်တော်တို့နယ်သားဖြစ်မယ်လို့ :P ။ ဒီလိုနဲ့ စကားတွေက ကောင်းလာတယ်ဗျ ရပ်ကြောင်းရွာကြောင်းတွေပြောရင်းနဲ ကိုစန်းဝင်းရဲ့ဖုန်းကဖုန်းလာလို့ ကိုင်လိုက်တော့ ကျွန်တော်တို့ရဲ့ကျောက်ပန်းတောင်းအသင်း ဆိုဒ် ကို စတင် လုပ်ခဲ့တဲ့ ကိုရဲဖြိုးသူ (RU) ပါတဲ့. ကိုစန်းဝင်းနဲ့ ဖုန်းပြောနေရင်းနဲ့ ကျွန်တော်တို့နဲ မိတ်ဆက်ပေး ပြီး တစ်ယောက်တစ်လှည့်စီ စကားပြောကြပါတယ်. ကျွန်တော့်အလှည့်ရောက်လဲရောက်ရော ဘယ်ရမလဲ မိတ်ဆက်ပြီးတာနဲ့ ကိုယ်ဖြစ်ချင်တာအကုန် ပြောတော့တာပါပဲ ဘယ်ရမလဲ ပြောလို့ရတုန်း ..:) ။ ကိုရဲဖြိုးသူကလည်း သဘောကောင်းပါတယ် တော်လည်းတော်ပါတယ်. ပြည့်လည်းပြည့်ဝ မှန်း စကားပြောကြည့်လိုက်တာနဲ့ သိရပါတယ်။ ကျွန်တော်နဲ့ ကိုရဲဖြိုးနဲ့ အခု တင်ပြမဲ့ Fun Club ဖွဲ့စည်းရေးနဲ့ ပါတ်သက်ပြီး ဖုန်းနဲ့ပြောတာနည်းနည်းကြာ
သွားတယ်. ကိုစန်းဝင်းဖုန်းကို ကိုကျော်နိုင်ထွန်းနဲ့ ဆက်သွယ်ရဦးမှာမလို့ ကျွန်တော့်ဖုန်းနံပါတ်ကို ပြန်ခေါ်ခိုင်းပြီးအနည်းငယ်ထပ်ပြောဖြစ်ပါသေးတယ်. ကိုရဲဖြိုးသူမှ လည်းလုပ်ချင်တဲ့ဆန္ဒရှိပါတယ် လို့သိရတဲ့အတွက် အတော် အားတက်ခဲ့ပါတယ်။ အသေးစိတ် ကို ဆိုဒ်ထဲမှာ ထပ်ဆွေးနွေးကြမယ်ဆိုပြီးတော့ ကိုစန်းဝင်းနဲ့ဖုန်းခန ပြောပြီး ကိုရဲဖြိုးသူ ဖုန်းချသွားပါတယ်။ ခနကြာတော့ ကိုကျော်နိုင်ထွန်းရောက်လာပါတယ်. သူကလည်း ကျောက်ပန်းတောင်းမြို့သားဆိုသည့်အတိုင်း ဖြူဖြူ သန့်သန့် ခပ်ချောချော ပဲဖြစ်ပါတယ် ( နောက်တစ်ခေါက်တွေ့ကြရင် မုန်းကျွေးဘို့ မမေ့နဲ့နော် :P) ။ အဲဒါနဲ့ လူလည်းဆုံတော့ လေးယောက်သားရပ်ရေး ရွာရေးအကြောင်းတွေပြောလိုက်ကြတာ အတော်လေးရင်းနှီးသွားကြတယ်။ နောက်တော့ ဓါတ်ပုံတွေလည်း ရိုက်ဖြစ်ခဲ့ပါသေးတယ် ဆိုင်ကအစ်ကိုကြီးတစ်ယောက်ရဲ့အကူညီနဲ့ပေါ့။ အဲဒါနဲ့ လေးယောက်သား တစ်ယောက်အကြောင်းတစ်ယောက်ပြောရင်းနဲ့ အားလုံးဟာ ဟိုလူ့ကိုသိလား ဒီလူ့ ကိုသိလားမေးရင်းကနေအားလုံးဟာ တစ်နည်းနည်းနဲ့ သိနေကြတဲ့ သူတွေဖြစ်နေပါတယ်။ အဲဒီလိုမှ မတွေ့ဖြစ်ကြရင် အားလုံးဟာ ဘယ်လိုမှ သိခွင့်ရှိကြမှာမဟုတ်ပါဘူး။ ဒါဟာ စုပေါင်းခြင်းရဲ့ အကျိုး ရလဒ် တစ်ခုပါပဲ။ အဲဒါနဲ့ ကျွန်တော်တို့တွေ စင်ကာပူနဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ မေရီနာဘေး ဘက် လမ်းလျှောက်ထွက်ခဲ့ကြပြီးလမ်းတစ်လျှောက် ဓါတ်ပုံတွေ ရိုက်ခဲ့ကြပါတယ်။ ကိုအောင်မျိုးမင်းရဲ့ ကင်မရာ အသစ်စက်စက်လေးနဲ့ ပေါ့ဗျာ. လူတွေကလည်း ခပ်ဖြောင့်ဖြောင့်တွေဆိုတော့ ဓါတ်ပုံတွေကလည်း ရှယ် လန်းနေတာပေါ့ဗျာ။ ဒါနဲ့ပဲ လမ်းလျှောက်တာလဲလမ်းကုန်နေပြီဟိုဘက် ရေတွေပဲကျန်ကာကျမှ ပြန်လာခဲ့ကြပါတယ်။ အပြန်ပင်နီစူလာ ပလာဇာ နားမှာပဲလမ်းခွဲပြီး ကိုအောင်မျိုးမင်းက အရင် ခွဲထွက် ပြီးပြန်သွားပါတယ်။ ကျန်တဲ့ ကျွန်တော်တို့ သုံးယောက်ကတော့ ပလာဇာပေါ်မှာ လုပ်စရာလေးတွေ ကျန်နေသေးတဲ့အတွက် အပေါ်တက်လာခဲ့ကြပါတယ် . လမ်းမှာ
ကိုစန်းဝင်း ကနေ ဘောလုံး မကန်ဖြစ်တာကြာပြီဖြစ်ကြောင်း ပြောတော့ကိုကျော်နိုင်ထွန်းက အခုကန်မယ်လုပ်နေပါသေးတယ်။ ဒီလိုနဲ့သုံးလွှာ အရောက်မှာ ကျွန်တော်က ဈေးဝယ်စရာများရှိတာဝယ်ရန် ရွှေရတနာဆိုင်ကိုသွား၊ ကိုကျော်နိုင်ထွန်း က သူ့သူငယ်ချင်းနှင့်ချိန်းထားသော နေရာကိုသွားလေတော့သည်။ ကိုစန်းဝင်းကတော့ ဆံပင်ညှပ်ရန် အပေါ်ထပ်ထပ်တက်သွားသည်။ ပြီးမှ ပြန်ဆုံပြီး အတူတူပြန်ရန် ကိုစန်းဝင်းနှင့်အချိန်းချက်လုပ်ပြီး ဈေးကို အေးဆေးဝယ်နေလိုက်သည်။ အိမ်ကအစ်မ မှာလိုက်တာ ပဲမှုန့် အကျက်နှင့် ငြုတ်သီးမှုန့် အစိမ်းကို ဘယ်ဟာအကျက် ဘယ်ဟာ အစိမ်းမှန်း မခွဲတတ်၍ ဆိုင်က အစ်မတစ်ယောက် ကိုမေး၍၀ယ်ခဲ့လိုက်ပါသည်။ ၀ယ်ပြီးတော့ ကိုစန်းဝင်းအား ဖုန်းဆက်၍ စောင့်နေကြောင်းပြောပြီး Escalator နားမှ ရပ်စောင့်နေလိုက်သည်။ ခနကြာတော့ ဂျွန်စော တစ်ဖြစ်လဲ ထယ်စောက် ကေနဲ့ ကိုစန်းဝင်းထွက်လာပါသည် (နောက်တစ်ခါတွေ့ရင်တော့ မုန့်ထပ်ဝယ်ကျွေးမှာ သေချာနေပါပြီ ...:) ။
ကိုစန်းဝင်းက အစ်ကိုတစ်ယောက်အတွက် MP3 ၀ယ်ချင်သေးသည် ဆိုသဖြင့် လမ်းတစ်ဖက်ခြမ်းတွင်ရှိသော Funan Digital Mall ၏ North Bridge Road ဘက်အခြမ်း အပေါ်ဆုံးအလွှာရှိ အရောင်ဆိုင်သို့ တက်သွားပြီး အရင်လိုက်လေ့လာလိုက်ပြီး ကောင်တာတွင် Catalogue ကြည့်ပြီး စိတ်ကြိုက်နှစ်ယောက်သား မစားရ၀ခမန်း လိုက်ရွေးခဲ့ကြပြီး နောက်ဆုံး အဆင့်ရွေးချယ်ထားသော အမျိုးအစား နှစ်မျိုးမှ တစ်မျိုးဖြစ်သော Ipod ကို အရင်ကြည့်ခဲ့ရာ သိပ်မကြိုက်သဖြင့် နောက်တစ်မျိုး ဖြစ်သော Sony တံဆိပ်အားနှစ်ဦးစလုံး နှစ်သက်၍ ၀ယ်ယူပြီး သိချင်သော အချက်အလက်များကို မေးမြန်းပြီး နှစ်ယောက်သား ပြန်လာခဲ့ကြသည်။ ကျွန်တော်နှင့် ကိုစန်းဝင်းမှာ နေထိုင်ရာ နေရာချင်း မနီးမဝေးဖြစ်သည့်အလျှောက် ရထား လိုင်းတစ်လိုင်းတည်းပဲဖြစ်သည်။ ကျွန်တော်နေထိုင်ရာ Chinese Garden ကို အရင်ရောက်သောကြောင့် ကျွန်တော် ကိုစန်းဝင်းအားနှုတ်ဆက် ဆင်းနေခဲ့ပါသည်။ သူကတော့ နောက်ထပ် နှစ်ဘူတာ မြောက်က Bonlay တွင်နေထိုင်သူဖြစ်သောကြောင့် ဆက်လက်လိုက်ပါသွားလေသည်။
ဤသည်တွင် ကျွန်တော်တို့၏ စင်ကာပူရောက် ကျောက်ပန်းတောင်းအသင်း အသင်းဝင်များ ၏ ပထမဦးဆုံးတွေ့ဆုံပွဲ ပြီးစီးလေသည်။

ဒီလိုတွေ့ဆုံ ကြရင်းဖြင့် ရရှိလာသော အကြံအစည်လေးတစ်ခု မှာ အဝေးရောက် ကျောက်ပန်းတောင်းသားများ Fun Club အား ကျွန်တော်တို့၏ ကျောက်ပန်းတောင်းအသင်း ဆိုဒ်လေးတွင်အခြေပြူ၍ဖွဲ့စည်း နိုင်ရန် ဤပိုစ့် ကို ရည်ရွယ် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ တစ်စုံတစ်ယောက် ထိခိုက်နစ်နာ ခဲ့လျှင် ဤနေရာမှနေ၍ စာရေးသူ တောင်းပန်အပ်ပါသည်။ တစ်စုံတစ်ခု ပြောဆိုချင်ပါက hellonyinyi@gmail.com သို့ မေလ်ပို့၍ဖြစ်စေ ကျွန်တော့် ကျောက်ပန်းတောင်းအသင်း Page တွင် ဖြစ်စေ ပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွားဖြင့်

ညီညီကျော်


21 September, 2009

"မောင့်ချစ်သူ"

အပြုံးတစ်ပွင့် ပန်းတစ်ပွင့်အလား
တုနှိုင်းမမှီ နတ်ပန်းချီရှုံး
ကြည်စမ်းရေပမာ သူ့တစ်မျက်နှာ
ယဉ်ကာတစ်ကိုယ် နတ်မိပျိုလား ထင်မှားလောက်သူ
မောင့်ချစ်သူ။

နှစ်လိုဖွယ်စကား ဆင်သူ့နားမှာ
သကာချိုစိမ့် တသိမ့်သိမ့်ပြုံး
ကြည်ရွှင်နှလုံး ရွှင်ပြုံးစေသူ
မောင့်ချစ်သူ။

အရိပ်လိုကြည့် အလိုက်ကိုသိ
ငါ၏စိတ်တွင်း ထိုးထွင်သိမှု့
တစ်ယောက်တည်းသူ
မောင့်ချစ်သူ။


အမှားတွေ့လျှင် အမှန်ကိုပြင်
အမှောင်ထုကြား အလင်းကိုပြ
 မိခင်အလား ယုယတတ်သူ
မောင့်ချစ်သူ။
















16 August, 2009

မေတ္တာကမ္ဘာ

ကျွန်တော်တို့ လူမှု့ဘ၀မှာ လူတန်းစားပေါင်းစုံး လူမျိုးပေါင်းစုံ ရှိကြပါတယ်။ လူတိုင်းမှာ မတူညီတဲ့ စရိုက်နဲ့ မတူညီတဲ့ စိတ်သဘောထားလေးတွေလည်း ရှိကြတယ်။ လူတိုင်းဟာတော့ ကိုယ့်ဘ၀ ရပ်တည်ဘို့ နဲ့ ကိုယ့်မိသားစု၊ကိုယ်ပါတ်ဝန်းကျင် ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်ဆွေမျိုးသားချင်း၊ ကိုယ်နိုင်ငံ၊ ကိုယ်လူမျိုး စသဖြင့်ပေါ့ ကိုယ်တတ်နိုင်တဲ့အတိုင်းအတာထိ အလုပ်တွေ လုပ်နေကြရပါတယ်။ တစ်ချို့တွေကြတော့လည်း ကိုယ့်ဘို့၊ ကိုယ့်မိသားစုဘို့ စတဲ့ ကိုယ်နဲ့ တိုက်ရိုက်ပါတ်သတ်တဲ့ ကိုယ့်ပါတ်ဝန်းကျင်လေးတစ်ခုသာ အလေးထားကြတဲ့ သူများလည်း ထုနဲ့ဒေး ဆိုသလိုပါပဲ။ အခု ကျွန်တော်တို့ရဲ့
Metta World Foundation ဆိုတဲ့ အဖွဲ့အစည်းလေးကတော့ ကိုယ့်ကျိုး ဆိုတဲ့ "အတ္တ" မပါဘဲ အများအကျိုး "ပရ" ကိုသာ လုပ်ဆောင်သွားကြပါမယ်။ မန်ဘာတိုင်းဟာလည်း အများအကျိုး နဲ့ ကိုယ့်ထက်နိမ့်ကျ နေကြရသူတွေ၊ မိဘမဲ့ ကလေးတွေ အတွက်ရည်ရွယ်ချက်ထားပြီး ဒီ မေတ္တာကမ္ဘာ အသင်းလေးကို တည်ထောင်ခဲ့ကြပါတယ်။ အသင်းနဲ့ အသင်းရဲ့ လုပ်ဆောင်ချက်လေးများအသေးစိတ်ကိုတော့ ကျွန်တော်တို့ မေတ္တာကမ္ဘာ အသင်းရဲ့ Web Page တွင် သွားရောက်ကြည့်ရှု့နိုင်ပါတယ်။
http://www.mettaworldfoundation.org/