21 November, 2009

ဝီစကီ သားချော့တေး...




သူ့ရင်ခွင်ကို စုံကန်ပြီး သူမအဝေးကိုထွက်သွားခဲ့တယ်.
သန်းခေါင်ယံညရဲ့ လောင်မြိုက်နေတဲ့ ဆေးလိပ်တိုလေးလိုပေါ့.
သူမဟာ သူ့ရဲ့ ရင်ထဲမှာ ဒဏ်ရာတွေ ပေးခဲ့တယ်.
သူ့ဘ၀ တစ်လျှောက်လုံး သူမကိုမေ့ဖျောက်ဘို့ ကြိုးစားခဲ့တယ်..
ဝီစကီသာ သူ့အတွက် အဖေါ်မွန်အဖြစ်နဲ့ သူမကို မေ့ဖျောက်စေခဲ့တယ်.
တဖြေးဖြေးချင်းစီ သောက်ရင်း သူမကို သူ့ရင်ထဲက တစ်စချင်းစီထုတ်ယူနေခဲ့တယ်.
သူမကို သိတဲ့ အသိစိတ်လေးပျောက်ကွယ်သွားတဲ့ အထိဆက်သောက်ရင်း
နောက်ဆုံးမှာ ၀ီစကီက သူမနဲ့ပါတ်သတ်ခဲ့သမျှ မေ့သွားစေခဲ့တယ်..

ဘ၀ဆိုတာ တိုတိုလေးပါပဲ. ဒါပေမဲ့ သူ့အတွက်တော့ ဒီအချိန်တွေက အရမ်းကြာရှည်လွန်းနေလေရဲ့.
သူမကိုမေ့ဖျောက်နိုင်ဘို့ သူအချိန်တိုင်းမူးလို့နေရတယ်.။

သူ့ကိုကျွန်တော်တို့ ပြန်တွေ့ရချိန်မှာတော့
သူ့ခေါင်းအုံးပေါ်မျက်နှာအပ်ထားရင်း.
သူမကို သူ့သက်ဆုံးတိုင်ချစ်ပါတယ်လို့ ရေရွတ်နေတယ်.
သူ့ရဲ့နောက်ဆုံး ထွက်သက်လေးပျောက်ပျယ်သွားတဲ့အထိပေါ့.။

ကျွန်တော်တို့ သူ့ကို သစ်ပင်ကြီးတစ်ပင်အောက်မှာ ထာဝရ အိပ်စက်ခွင့်ပေးလိုက်ချိန်မှာ
နတ်သမီးတွေဟာ သူ့အတွက် ၀ီစကီ သားချော့တေးတစ်ပုဒ်ကို ဆိုညဉ်းပေးကြတယ်.။

ပြောစမှတ်လေးကျန်ရစ်ခဲ့တယ်.
ဒါပေမဲ့ သူမ ကိုယ်တိုင် ဘယ်လောက် နာကြင် ယူကြုံးမရဖြစ်နေတာ ဘယ်သူမှ မသိကြဘူး.။
တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားတယ်.
ဝီစကီ ကိုသူမ အဖေါ်ပြုရင်းနဲ့ပေါ့.
နာကျင်မှု့တွေ တငွေ့ငွေ့နဲ့ပျောက်ကွယ်သွားအောင် ၀ီစကီလေးနဲ့ အဖေါ်ပြုနေခဲ့တယ်.။
နောက်ဆုံးမှာ သူ့ရဲ့ ပုံရိပ်လေးပျယ်လွင့်သွားခဲ့ပြီး သူမဘာမှမသိလိုက်တော့ဘူး.။
သူ့ရဲ့ဓါတ်ပုံလေးကို ဆုပ်ကိုင်ရင်း လောကကြီးထဲက ထွက်သွားခဲ့တယ်။

ကျွန်တော်တို့ဟာ သူမကို သူ့ရဲ့ဘေးမှာ ထာဝရအိပ်စက်စေခဲ့တယ်.
တစ်ချိန်တည်းမှာ နတ်သမီးလေးတွေဟာ သူမအတွက်.
ဝီစကီ သားချော့တေးလေးတစ်ပုဒ်ကို ဆိုညဉ်းပေးကြလေရဲ့...။



P.S >>ကျွန်တော်ဒီသီချင်းကို နားထောင်ရင်း နဲ့ ခံစားမိတာလေး တစ်ချို့ရှိတယ်.။ အဲဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ပေးနားထောင်တော့ သူလည်းကြိုက်တယ်တဲ့..။ အခုမြန်မာလိုပြန်ထားတာက သူနဲ့ ကျွန်တော်နှစ်ယောက် ဘာသာပြန်ထားတာပါ.။ မှားယွင်းမှု့ တစ်စုံတစ်ရာ ရှိခဲ့ရင် ကျွန်တော်တို့၏ ညံ့ဖျင်းမှု့သာလျှင်ဖြစ်ပါသည်။



10 November, 2009

အိမ်..




                                                    


အိမ်ဆိုတာ ဘာလဲ?


"သာယာမှု့တွေ ပေးစွမ်းနိုင်တယ်.။ နွေးထွေးတယ်.။ လုံခြုံမှု့ရှိတယ်.။ လူသားတိုင်းအတွက် မရှိမဖြစ် ပိုင်ဆိုင်မှု့ တစ်ခု.။"


ဝမ်းနည်းခြင်းတွေယူဆောင်လာလည်း သူလက်ခံတယ်။ ပျှော်ရွှင်ခြင်းတွေ သူ့ဆီသယ်လာလည်း သူကိုယ်တိုင်ပျော်တယ်.။
အိမ်အမျိုးမျိုးရှိတယ်။ ခိုင်ခိုင် ခံ့ခံ့နဲ့ လိုအပ်ချက်တွေ ပြီးပြည့်စုံစွာ ရနိုင်တဲ့အိမ်။ ခနော်ခနဲ့ လေတိုက်တိုင်းယိမ်းထိုးနေတယ်. လိုအပ်ချက်တွေ အများကြီးရှိနေတဲ့အိမ်.။ ဘယ်လိုအိမ်ပဲဖြစ်ဖြစ် သူ့ရင်ခွင်ထဲက သူ့မိသားစုအတွက် မိုးရွာရွာ နေပူပူ လေတွေတိုက်တိုက် မုန်တိုင်းပဲကြနေပါစေ. မိုးကြိုးတွေ လျှပ်စီးတွေ ကြားမှာ သူ့ရှိသမျှ ခွန်အားနဲ့ သူကာကွယ်မှာပဲနော်.။ သူကတော့ သူ့ရင်ခွင်ထဲက သူ့သွေးသားအားလုံးကို ချစ်မှာပါပဲ..။ ကျွန်တော်တို့အားလုံးလဲ ကိုယ့်အိမ်ကြီးကို ကိုယ်ချစ်ကြမှာပါပဲ။
ဒီအိမ်ကြီးရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဘို့ ဒီအိမ်သူအိမ်သားအားလုံးရဲ့ တာဝန်ပါပဲ.။ ဒီအိမ်ကြီး အတွင်းမှာနေကြတဲ့သူအားလုံးမှာ တာဝန်ကိုယ်စီယူကြပါတယ်။ အိမ်ကြီး ရဲ့ သန့်ရှင်းသပ်ရပ်ရေး.ကိုတာဝန်ယူရတဲ့သူကလည်း သူ့တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ရပါမယ်။ အိမ်ရဲ့ လုံခြုံရေးနဲ့ အိမ်သူအိမ်သားတွေရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့သူဟာလည်း လုံခြုံရေးအတွက် သူ့မှာ တာဝန်အပြည့်ရှိပါတယ်.။ အိမ်ရဲ့ စာနပ်ရိက္ခာနဲ့ လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဘို့ စီးပွါးရေးတောင့်တင်းအောင်လည်း ကျွန်တော်တို့ အိမ်သူအိမ်သားများ စည်းစည်းလုံးလုံးနဲ့ တာဝန်ကိုယ်စီယူကြရပါတယ်.။

အိမ်တစ်အိမ်ရဲ့ စီးပွါးရေး ဘယ်လိုရှာကြမလဲ?..။

အိမ်မှာပဲ ရှာဖွေလို့ရတဲ့နည်းတွေအများကြီးပါ.။
ကိုယ့်အိမ်မှာ စိုက်ပျိုးရေးလုပ်ရင် စိုက်ပျိုးရေး ထုတ်ကုန်တွေ အပြင်မှာရောင်းချပြီး စီးပွါးရှာနိုင်မယ်.။
ကိုယ့်အိမ်မှာ စက်မှု့လက်မှု့လုပ်ရင် စက်မှု့လက်မှု့ ထွက်ကုန်တွေ ရောင်းချနိုင်ပါတယ်။
ကိုယ့်အိမ်မှာ သဘာဝကပေးအဖိုးတန် ပစ္စည်တွေရှိရင် အဲဒီအဖိုးတန်ပစ္စည်းတွေကနေလည်း အိမ်ရဲ့ စီးပွါးရေးတစ်ရပ် ဖြစ်ပါတယ်.။

နောက်တစ်နည်းကတော့ အိမ်သူအိမ်သားတွေဟာ အပြင်မှာထွက်အလုပ်လုပ်ရပါတယ်.။


အိမ်အပြင်ကို ထွက်ပြီးအလုပ်လုပ်နေကြသူတွေဟာလည်း ဒီအိမ်သူအိမ်သားတွေပါပဲ.။ သူတို့တွေဟာ ဒီအိမ်ကြီးရဲ့ စီးပွါးရေး ကိုတစ်စိတ်တစ်ဒေသ က ပါဝင်အားထုတ်နေကြရသူတွေပါ.။ သူတို့ဘ၀ အချိန်တွေကို သူတို့ချစ်တဲ့ အိမ်ကြီးနဲ့ဝေးရာမှာ အကုန်ခံပြီး အိမ်ရဲ့စီးပွါးရေး ကို တစ်တပ်တစ်အားဖြည့်ဆည်းပေးနေကြသူတွေပါ.။ သူတို့လုပ်အားချွေးနည်းစာနဲ့ ဒီအိမ်ကြီးရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးကြပါတယ်။

"သူတို့တွေ မောပန်းလို့ ပြန်လာတဲ့ အိမ်ပြန်ခရီးမှာ အိမ်မှာရှိတဲ့သူတွေက သူတို့ကို ဘယ်လိုကြိုလင့်သင့်ကြလဲ?.။"


အိမ်ရဲ့ ပညာရေးအဆင့်အတန်းဘယ်လိုမြှင့်တင်မလဲ?.။


ပညာရေးမြင့်မာဘို့ဆိုတာ ပညာရှာတဲ့သူတွေဟာ ပညာရှာဘို့ ပညာသင်ကြားနိုင်တဲ့နေရာကို သွားပြီး ပညာတွေသင်ကြားကြတယ်။ ဒါဟာလည်း ဒီအိမ်ကြီးမှာ အသိပညာတွေမြင့်မားဘို့ ဒီအိမ်ကြီးရဲ့ရှေ့အနာဂါတ်မှာ အိမ်ကြီးရဲ့ အဆင့်အတန်းမြင့်မာဘို့ အဓိက လိုအပ်ချက်ဖြစ်ပါတယ်။ အိမ်အတွင်းမှာရှိသူတွေရဲ့ ပညာရေးအဆင့်အတန်းမြင့်မားမှသာလျှင် အိမ်တစ်အိမ်ရဲ့ အဆင့်အတန်းဟာလည်း သူများအိမ်တွေနဲ့ယှဉ်ရင် မျက်နှာမငယ်ကြရမှာပါ။

"ထိုကဲ့သို့ အပြင်ထွက်ပြီပညာရှာနေကြသူတွေရဲ့ အိမ်အပြန်ခရီးမှာရော အိမ်သူအိမ်သားတွေအနေနဲ့ ဘယ်လိုကြိုလင့်သင့်ပါသလဲ?။"


"တစ်အိမ်တည်းနေ တစ်ရေတည်းသောက် တစ်မိုးတည်းအောက်မှာ အမိတစ်ယောက်တည်းက မွေးဖွါးလာကြတဲ့ ညီအစ်ကိုမောင်နှမများ စိတ်ဓါတ်နဲ့သာ အိမ်အပြင်ကနေ မောမောပန်းပန်းနဲ့  ပြန်လာကြသူတွေကို အိမ်မှာကျန်ရစ်တဲ့သူတွေအနေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုကြမယ်ဆို သူတို့တွေရဲ့ ဘ၀အမောတွေ ဟာ အိမ်အ၀င်ပေါက်ဝမှာတင် အားလုံးပြေပျောက်သွားကြပါလိမ့်မယ်။"




(ခံစားမိသလိုချရေးလိုက်ခြင်းပါ။ )

လေးစားစွာဖြင့်

ညီညီ(အနာဂါတ်သံစဉ်)